မုံရွာ ဇူလိုင် ၂၃
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ကွေ့ကြီးရပ်ကွက်၊ ဗိုလ်ချုပ်လမ်းမကြီးပေါ်ရှိ ကန်သာယာကန် ဝန်းကျင်နှင့် မြို့ရာပြည့်စေတီတော် တို့အား သန့်ရှင်းသာယာ သပ်ရပ်စေရေး၊ မြို့နေပြည်သူများ အားလပ်ရက်များတွင် လာရောက်အပန်းဖြေရာတွင် စိတ်အေးချမ်းသာစွာဖြင့် အပန်းဖြေနိုင်ရေး အတွက် ဇူလိုင် ၂၃ ရက် နံနက်ပိုင်းက တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ တပ်မတော် သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမူရေးအသင်း အဖွဲ့ဝင်များ၊ ပြည်သူများ ပူးပေါင်း၍ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးပြီး စားသောက် ဖွယ်ရာများ ထောက်ပံ့ကာ ကြည့်ရှုစစ်ဆေးသည်။ ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ လယ်တီရပ်ကွက်၊ ပြည်ထောင်စုလမ်းမကြီးဘေးရှိ ပြည်ထောင်စု ဈေးတည်ဆောက်ရေး ရှင်းလင်းဆောင်သို့ရောက်ရှိရာ တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးသစ်ထူးမြင့်က မုံရွာမြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင် ၁၇ ဒသမ ၂၅ ဧက မြေပေါ်တွင် အလျား ပေ ၆၀၊ အနံ ပေ ၄၀ ရှိ ဈေးဆိုင်ခန်း ၁၃၆၀၊ ကြီးကြပ်ရေးရုံး၊ သန့်စင်ခန်း များနှင့် ကွန်ကရစ်လမ်းများ ဆောင်ရွက်မည့်လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က တည်ဆောက်ရေးလုပ်ငန်းများ စံချိန်စံညွှန်းမီ အရည်အသွေးကောင်းမွန်စွာ တည်ဆောက်ပြီးစီးရေး၊ လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းရေး၊ သက်မှတ်ကာလတွင် အချိန်မီပြီးစီးရေးတို့အား မှာကြားကာ တင်ပြချက်များအပေါ် လိုအပ် သည်များ ပေါင်းစပ်ောင်ရွက်ပေးပြီး ပြည်ထောင်စုဈေး ဆောက်လုပ်မည့် မြေနေရာပြင်ဆင် ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ ကန်သာယာ ညဈေးတန်းတည်ဆောက်မည့်မြေနေရာ ကွန်ကရစ်ခင်းခြင်းလုပ်ငန်းခွင်သို့ ရောက်ရှိရာ တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူးက ကန်သာယာ ညဈေးတန်း ဈေးဆိုင်ခန်း အလျား ၈ ပေ၊ အနံ ၁၀ ပေ၊ ဈေးဆိုင်ခန်း ၃၀၈ ခန်းနှင့် ဈေးအတွင်းလျှောက်လမ်း ကွန်ကရစ်လမ်းခင်းခြင်း၊ သန့်စင်ခန်းများ ဆောက်လုပ်မည့်လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်း တင်ပြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က တည်ဆောက်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးပြီး ကွန်ကရစ်ခင်းကျင်းနေမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)