မုံရွာ ဇွန် ၁၂
မုံရွာမြို့၊ ကန်သာယာ အနောက်ဘက်ကန် ဖွံ့ဖြိုးတိုးတက်ရေးနှင့် သန်ရှင်းသာယာလှပရေး လုပ်ငန်းခွင်သို့ ဇွန် ၁၁ ရက်က တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများက သွားရောက်စစ်ဆေးရာ တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးသစ်ထူးမြင့်က ရေဝင်ဧရိယာ လျော့နည်းလာသည့် ကန်သာယာ အနောက်ဘက်ကန်အား အနက်လေးပေ ထပ်မံတူးခြင်းနှင့် ကိုယ်လက်လှုပ်ရှား အားကစားများ ဆောင်ရွက်နိုင်ရန်အတွက် ကန်သာယာ ပတ်လမ်းအား အကျယ်ပေ ၃၀ ချဲ့ခြင်းလုပ်ငန်းများကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် ဝန်ကြီးချုပ်က ကန်သာယာ အနောက်ဘက်ကန် ဖွံ့ဖြိုးတိုးတက်ရေးနှင့် သန်ရှင်းသာယာလှပရေး ဆောင်ရွက်နေမှုလုပ်ငန်းများ အချီန်မီပြီးစီးရေး၊ သက်မှတ် စံချိန်စံညွှန်းများနှင့်အညီ အရည်အသွေး ကောင်းမွန်စေရေးတို့အား တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ လုပ်ငန်းများ ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့သည်။
အဆိုပါ ကန်သာယာ အနောက်ဘက်ကန်သည် မူလကန်ရေပြင်အကျယ် ၄၃ ဒသမ ၅ ဧက၊ ကန်ပတ်လမ်း အကျယ် ၁၄ ပေ၊ ရေအနက် ၇ ပေ၊ ရေသိုလှောင်နိုင်မှု ပမဏ ဂါလန် ၂ ဒသမ ၁၂ သန်း ဖြစ်ပြီး လုပ်ငန်းများအားလုံး ပြီးစီးပါက ရေပြင်အကျယ် ဧရိယာ ၃၅ ဒသမ ၇၅ ဧက၊ ရေအနက် ၁၁ ပေ၊ ကန်ပတ်လမ်းအကျယ် ၄၄ ပေနှင့် ရေသိုလှောင်နိုင်မှု ပမဏ ဂါလန် ၂ ဒသမ ၇၄ သန်းရှိကာ ရေဂါလန် ခြောက်သိန်းနှစ်သောင်း ပိုမိုသိုလှောင်သွားနိုင်မည်ဖြစ်ပြီး လုပ်ငန်းပြီးစီးမှု ရာခိုင်နုန်း ၅၀ ရှိပြီဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ကန်သာယာ အရှေ့ဘက်ကန်ရှိ ကျွန်းများသန်ရှင်းသပ်ရပ် စေရေး ဆောင်ရွက်နေမှု၊ မြို့ရာပြည့်ဘုရား ကျွန်းပတ်လည် ပေ ၂၃၀၀ မြေထိန်း ကျောက်ထုတ် လောင်းခြင်း ဆောင်ရွက်နေမှုနှင့် ရာပြည့်ဘုရား ရင်ပြင်တော် နေပူခံကျောက်ပြားခင်းခြင်း ဆောင်ရွက်နေမှုတို့ကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ ဝန်ကြီးချုပ်နှင့် အဖွဲ့သည် အောင်မင်္ဂလာရပ်ကွက်ရှိ အမှတ်(၇) အခြေခံပညာ အထက်တန်းကျောင်း၊ ဆူးလေကုန်းရပ်ကွက်ရှိ အမှတ်(၄) အခြေခံပညာ မူလတန်းကျောင်းတို့တွင် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့များ၊ လူမူရေးအသင်းအဖွဲ့များ၊ ဆရာ ဆရာမများနှင့် ဝန်ထမ်းများ၊ ကျောင်းသားမိဘများ ပူးပေါင်း၍ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်မှုများကို လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)