မုံရွာ ၂၁ စက်တင်ဘာ
မုံရွာမြို့၌ ကိုဗစ်-၁၉ ကူးစက်ရောဂါ မပြန့်ပွားစေရေး ဖျားနာလူနာများ ကုသမှုဆေးခန်းကို ယနေ့နံနက်မှ စတင်ပြီး တစ်ပတ်လျှင် ၅ ရက် အခမဲ့ ကုသပေးမည်ဖြစ်ပြီး ဗုဒ္ဓဟူးနေ့နှင့် တနင်္ဂနွေ နေ့တို့တွင် ပိတ်မည်ဖြစ်ကြောင်း ဆရာဝန်အသင်းခွဲ(မုံရွာ) ဒု-ဥက္ကဋ္ဌ ဒေါက်တာမြင့်မြင့်သိန်းက ပြောကြားသည်။
ယခုဖွင့်လှစ်မည့် ဆေးခန်းကို မုံရွာမြို့၊ ဒေါနခြံရပ်၊ ဆေးရုံကြီးလမ်း၊ အ.ထ.က (၂) နံဘေးရှိ “လူငယ်စင်တာ” အဆောက်အဦတွင် ဖွင့်လှစ်မည်ဖြစ်ပြီး တစ်ပတ်လျှင် ၅ ရက်၊ နံနက် ၉ နာရီမှ ၁၁ နာရီအထိ (အခမဲ့) ကုသပေးသွားမည်ဖြစ်ပါကြောင်း၊ ဆေးခန်းပြသလိုသည့် လူနာများအနေဖြင့် ဆေးခန်း၏ Hotline ဖုန်းနံပါတ် ဝ၉-၆၆၀ဝ၁၀ဝ၀ဝ သို့ ဖုန်းဆက်၍ ကြိုတင်စာရင်းပေးသွင်းရန် လိုအပ်မည် ဖြစ်ပါကြောင်း၊ အဆိုပါ Hotline ဖုန်းနံပါတ်ကို နံနက် (၈) နာရီမှ (၁၂) နာရီထိ လည်းကောင်း၊ ညနေ (၄) နာရီမှ ည (၉) နာရီထိလည်းကောင်း ဖွင့်လှစ်ကာ ဖုန်းလက်ခံဖြေကြားပေးသွားမည် ဖြစ်ပါကြောင်း ဆက်လက်ပြောကြားသည်။
မုံရွာမြို့တွင် ပြသနိုင်သောလူနာများမှာ အသက် ၁၂ အထက် ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ လည်ချောင်း နာခြင်း၊ အသက်ရှူကြပ်ခြင်း၊ အားကုန်ခြင်း၊ နွမ်းနယ်ခြင်း၊ ကိုယ်လက်နာကျင်ခြင်း၊ ခေါင်းကိုက်ခြင်း၊ အနံမရခြင်း၊ အရသာပျောက်ခြင်းတို့ ဖြစ်ပါကြောင်း၊ မိမိကိုယ်ကို Covid-19 သံသယလူနာ (သို့မဟုတ်) ပိုးအတည်ပြုလူနာနှင့် ထိတွေ့၍ စစ်ဆေးလိုလျှင် အခမဲ့စစ်ဆေးပေးမည်ဖြစ်ပါကြောင်း၊ ပြသသူ လူနာများအား mask တပ်စေခြင်း၊ လက်ဆေးဘေစင်တွင် ဆပ်ပြာနှင့် ဆေးစေခြင်း၊ Volunteer လေးများမှ နွေးထွေးစွာကြိုဆိုခြင်း၊ စမ်းသပ်သူဆရာမမှ အကာအကွယ်နှင့် တစ်ဦးချင်း အဖျားတိုင်းပေးခြင်း၊ ဆရာဝန်မှ သီးသန့်အခန်းတွင် အကာအကွယ်နှင့် ကြည့်ရှုပေးခြင်း၊ ဆေးရုံပို့ရန် လိုအပ်ပါက ဆေးရုံကြီးမှ ဖျားနာဆောင်သမားတော်နှင့် ချိတ်ဆက်၍ Rescu အဖွဲ့မှ လိုက်ပို့ပေးခြင်းများ စနစ်တကျ ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း ဆရာဝန် အသင်းခွဲ(မုံရွာ) ဒု-ဥက္ကဋ္ဌ ဒေါက်တာ မြင့်မြင့်သိန်းက ပြောကြားသည်။
ယင်းဆေးခန်းကို စစ်ကိုင်းတိုင်းအစိုးရအဖွဲ့၏ ပံ့ပိုးမှုဖြင့် ဆရာဝန်အသင်းမှ ပြင်ပ GP ဆရာဝန်များ၊ ပုဂ္ဂလိက ဆေးရုံများမှ လက်ထောက်ဆရာဝန်များ၊ သူနာပြုသင်တန်းကျောင်းမှ ဆရာမများ၊ လူငယ်စင်တာနှင့် တက္ကသိုလ်ကျောင်းသားများအဖွဲ့၊ save monywa အဖွဲ့၊ Rescu အဖွဲ့မှလူငယ်များဖြင့် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ပါကြောင်း ဆက်လက်ပြောကြားသည်။
မွှေးကြူဇင်