မုံရွာ ၂၇ ဇွန်
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ၁၂ စုရှိ တောင်သူ ၈၀၃ ဦးတို့အား ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် မိုးသီးနှံ စိုက်ပျိုးရေးစရိတ်ချေးငွေ ၄၉၂၂ သိန်းအား ထုတ်ပေးပြီး ဖြစ်ကြောင်း မုံရွာမြို့နယ် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှ မြို့နယ်မန်နေဂျာဦးဘိုစိုး ထံမှ သိရသည်။
“ စိုက်ပျိုးရေးစရိတ်ချေးငွေ ထုတ်ပေးဖို့က အခုလောလောဆယ် တောင်သူတွေကို ကိုဗစ်-၁၉ အတွက် ပံ့ပိုးမှုအထူးချေးငွေ ထပ်ပေးမှာဖြစ်လို့ တောင်သူတွေက လိုအပ်တဲ့စာချုပ် စာတမ်းတွေပြင်ဆင်နေတာဖြစ်တဲ့ အတွက် မိုးသီးနှံစိုက်ပျိုးရေးစရိတ် ထုတ်ချေးပေးတာကို ခေတ္တရပ်နားထားတယ်၊ ကိုဗစ်-၁၉ အတွက် ပံ့ပိုးမှုအထူး ချေးငွေအတွက် လိုအပ်တဲ့ စာချုပ်စာတမ်းတွေ ပြင်ဆင်မှုအားလုံးအသင့်ဖြစ်ရင် မိုးသီးနှံစိုက်ပျိုးရေးစရိတ်ရယ်၊ ကိုဗစ်-၁၉ အတွက် ပံ့ပိုးမှုအထူးချေးငွေ ဆက်လက်ထုတ်ချေးပေးသွားမှာဖြစ်ပါတယ် ” ဟု မုံရွာမြို့နယ် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှ မြို့နယ်မန်နေဂျာ ဦးဘိုစိုး ကပြောသည်။
မုံရွာမြို့နယ်အတွင်း ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် မိုးသီးနှံစိုက်ပျိုးရေးစရိတ် ထုတ်ပေးမှုအနေဖြင့် ကျေးရွာ အုပ်စု(၄၉)အုပ်စု ရှိသည့်အနက်မှ ကျေးရွာအုပ်စု ၁၂ စုရှိ တောင်သူ ၈၀၃ ဦးတို့၏ စပါး ဧက ၉၀ ၊ နှမ်းသီးနှံ ၁၄၁၂ ဧက၊ ပဲတီစိမ်း ၁၂၃ ဧက၊ ပဲစဉ်းငုံ ၁၈၉၂ ဧက၊ ဝါသီးနှံ ၁၀၃၂ ဧကနှင့် ပြောင်း ၃၂၈ ဧက စုစုပေါင်း ၄၈၇၇ ဧကတို့အတွက် စိုက်ပျိုးရေး စရိတ်ချေးငွေများ ထုတ်ပေးခြင်းဖြစ်ကြောင်း သိရသည်။
ဝင်းဦး(ဇေယျာတိုင်း)


