မုံရွာ ၂၇   ဇွန်

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ၁၂ စုရှိ တောင်သူ  ၈၀၃ ဦးတို့အား ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် မိုးသီးနှံ စိုက်ပျိုးရေးစရိတ်ချေးငွေ  ၄၉၂၂ သိန်းအား ထုတ်ပေးပြီး ဖြစ်ကြောင်း မုံရွာမြို့နယ် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှ မြို့နယ်မန်နေဂျာဦးဘိုစိုး ထံမှ သိရသည်။

စိုက်ပျိုးရေးစရိတ်ချေးငွေ ထုတ်ပေးဖို့က အခုလောလောဆယ် တောင်သူတွေကို ကိုဗစ်-၁၉ အတွက် ပံ့ပိုးမှုအထူးချေးငွေ ထပ်ပေးမှာဖြစ်လို့ တောင်သူတွေက လိုအပ်တဲ့စာချုပ် စာတမ်းတွေပြင်ဆင်နေတာဖြစ်တဲ့ အတွက် မိုးသီးနှံစိုက်ပျိုးရေးစရိတ် ထုတ်ချေးပေးတာကို ခေတ္တရပ်နားထားတယ်၊   ကိုဗစ်-၁၉ အတွက် ပံ့ပိုးမှုအထူး ချေးငွေအတွက် လိုအပ်တဲ့ စာချုပ်စာတမ်းတွေ ပြင်ဆင်မှုအားလုံးအသင့်ဖြစ်ရင်  မိုးသီးနှံစိုက်ပျိုးရေးစရိတ်ရယ်၊ ကိုဗစ်-၁၉ အတွက် ပံ့ပိုးမှုအထူးချေးငွေ  ဆက်လက်ထုတ်ချေးပေးသွားမှာဖြစ်ပါတယ်ဟု မုံရွာမြို့နယ် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှ မြို့နယ်မန်နေဂျာ ဦးဘိုစိုး ကပြောသည်။

မုံရွာမြို့နယ်အတွင်း ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် မိုးသီးနှံစိုက်ပျိုးရေးစရိတ် ထုတ်ပေးမှုအနေဖြင့် ကျေးရွာ အုပ်စု(၄၉)အုပ်စု ရှိသည့်အနက်မှ ကျေးရွာအုပ်စု ၁၂ စုရှိ တောင်သူ ၈၀၃ ဦးတို့၏ စပါး ဧက ၉၀ နှမ်းသီးနှံ ၁၄၁၂ ဧက၊ ပဲတီစိမ်း ၁၂၃ ဧက၊ ပဲစဉ်းငုံ ၁၈၉၂ ဧက၊ ဝါသီးနှံ ၁၀၃၂ ဧကနှင့် ပြောင်း ၃၂၈ ဧက စုစုပေါင်း ၄၈၇၇ ဧကတို့အတွက် စိုက်ပျိုးရေး စရိတ်ချေးငွေများ ထုတ်ပေးခြင်းဖြစ်ကြောင်း သိရသည်။

ဝင်းဦး(ဇေယျာတိုင်း)