မုံရွာ ၃၀ ဇွန်
    

 

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ထန်းတော၊ ရတနာပုံနှင့် ရုံးကြီးရပ်ကွက်တို့တွင် လက်ရှိအသုံးပြုလျက် ရှိသော 11kv ကာဗာမဲ့ လျှပ်စစ်ဓာတ်အားလိုင်းကြိုးများနေရာတွင် (AWOC) ကာဗာကြိုးများ ပြောင်းလဲတပ်ဆင်ခြင်း လုပ်ငန်းကို ယနေ့နံနက်ပိုင်းက စတင်လုပ်ဆောင်လျက်ရှိကြောင်း မုံရွာမြို့နယ် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှ မြို့နယ်အင်ဂျင်နီယာမှူး ဦးဇော်ဝင်းနိုင်၏ ပြောကြားချက်အရ သိရသည်။

 

mdn


    

 

“၂၀၁၈-၁၉ တိုင်းဒေသကြီးဘတ်ဂျက်နဲ့ လိုင်းသုံးလိုင်းက 11kv ကာဗာမဲ့ကြိုးတွေနေရာမှာ (AWOC) ကာဗာကြိုးတွေနဲ့ လဲလှယ်တပ်ဆင်တာပါ။ ဒီကနေ့မှာ မြို့နယ်ရုံးခွဲရုံကနေ ထွက်တဲ့လိုင်း(၃)လိုင်းကို ကြိုးအသစ် လဲလှယ်တာပါ။ အခြားနေရာတွေမှာလည်း လဲလှယ်တပ်ဆင်တာတွေလုပ်နေသလို ကျန်တဲ့နေရာတွေမှာလည်း ဆက်တိုက်လဲတော့မှာ ဖြစ်တယ်။ လိုင်းကြိုးများနဲ့ မလွတ်တဲ့ သစ်ပင်သစ်ကိုင်းတွေကိုလဲ ရှင်းလင်းသွားမယ်။ အခုဘတ်ဂျက် ကာလအတွင်းမှာတော့ လိုင်းကြိုးတွေကို အပြီးလဲလှယ်ပေးသွားမှာ ဖြစ်တယ်” ဟု မုံရွာမြို့နယ် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှ မြို့နယ်အင်ဂျင်နီယာမှူး ဦးဇော်ဝင်းနိုင်က ပြောသည်။
    

 

33/11 kv (20) MVA မြို့ရုံးခွဲရုံမှ လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးပေးလျှက်ရှိသော 11 kv လိုင်းကြိုးများ နေရာတွင် (AWOC) ကာဗာကြိုးများ ပြောင်းလဲတပ်ဆင်ခြင်း လုပ်ငန်းများပြီးစီးပါက လျှပ်စစ်အန္တရာယ်ကင်းဝေးခြင်း၊ ဓာတ်အားပျောက်ဆုံးမှု လျော့နည်းခြင်း၊ လျှပ်စစ်လိုင်းပြတ်တောက်မှု နည်းပါးပြီး လျှပ်စစ်ဓာတ်အားတည်ငြိမ်စွာ အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။
                                        

 

ဝင်းဦး(ဇေယျာတိုင်း)