မုံရွာ ဩဂုတ် ၃၀

 

စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၏ လမ်းညွှန်မှုနှင့်အတူ မုံရွာခရိုင် စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ မုံရွာခရိုင် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်အသင်းဝင်များ ပူးပေါင်းကာ သြဂုတ် ၃၀ ရက်  နံနက် ၁၀ နာရီက မုံရွာမြို့ ဒေသခံပြည်သူများအား စားအုန်းဆီများကို ဈေးနှုန်းချိုသာစွာ လှည့်လည်ရောင်းချပေးခဲ့ကြောင်း သိရသည်။

 

ဆီ‌ရောင်းချပေးသူများသည် တစ်ရက်လျှင် ဆီပေပါ ၁၂ လုံးကို ဈေးကားဖြင့် လှည့်လည်၍ ဩဂုတ် ၂၉ ရက်မှစတင်ကာ လူတစ်ဦးလျှင် တစ်ပိဿာ၊ ငွေကျပ် ၅၅၀၀ နှုန်းဖြင့် ရောင်းချပေးပြီး ဩဂုတ် ၃၀ ရက်က မုံရွာမြို့ ဘုန်းစိုးရပ်ကွက်၊ သာစည်ဈေးအနီး၊ စက်မှုဇုန်ရပ်ကွက်၊ ဒေါနခြံရပ်ကွက်၊ လယ်တီကျောင်းရှေ့နှင့် အေးသာယာရပ်ကွက်များသို့ လှည့်လည်ရောင်းချပေးခဲ့သည်။

 

ထိုကဲ့သို့ ပြည်သူများအား နေ့စဉ် ဆီရောင်းချပေးနေမှုများအား စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများက ကွင်းဆင်းကာ ဈေးဝယ်သူများ အဆင်ပြေစွာ ဝယ်ယူနိုင်ရေး ရည်ရွယ်လျက် လာရောက်ဝယ်ယူကြသော အိမ်ထောင်စုများအား စနစ်တကျတန်းစီစေခြင်း၊ တုံကင်နံပါတ်များပေး၍ စောင့်ဆိုင်းစေခြင်း၊ လူတစ်ဦးလျှင် (၁)ပိဿာနှုန်းဖြင့် လူတိုင်းဝယ်ယူရရှိနိုင်ရေး ပူးပေါင်းပါဝင်‌ရန် ဆောင်ရွက်‌ပေးခဲ့ကြပြီး စားသုံးသူပြည်သူများအား ဈေးနှုန်းသက်သာစွာဖြင့် ဖြန့်ဖြူးပေးနိုင်ခဲ့ကြောင်း သိရှိရသည်။

 

မြင့်နိုင်စိုး (ထီးလှိုင်မြေ)