မုံရွာ အောက်တိုဘာ ၄
၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းများ ကောက်ယူနိုင်ရေးအတွက် အထောက်အကူပြုစေရန် စမ်းသပ်သန်းခေါင်စာရင်းများကို မြို့ပေါင်း ၂၀ တွင် ကောက်ယူလျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့တွင် ယနေ့ နံနက် ၈ နာရီက စမ်းသပ်သန်းခေါင်စာရင်းများ ကောက်ယူရေး ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
စစ်ကိုင်းတိုင်းဒေသကြီးအနေဖြင့် စမ်းသပ်သန်းခေါင်စာရင်းများ ကောက်ယူရေး ကောက်ကွက် (၁၀)ကွက်တွင် တစ်ကွက်လျှင် အိမ်ခြေ(၁၂၅)အိမ်နှုန်းဖြင့် အောက်တိုဘာ ၁ ရက်မှ ၁၀ ရက်အထိ သက်ဆိုင်ရာ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဝန်ထမ်းများက နေ့စဉ်ကောက်ယူသွားမည်ဖြစ်ရာ ယနေ့နံနက်ပိုင်းတွင်လည်း မုံရွာမြို့ ရုံးကြီးရပ်ကွက်၌ အဖွဲ့(၅)ဖွဲ့ခွဲ၍ စတုတ္ထနေ့ ဆက်လက် ကောက်ယူလျက်ရှိကြောင်း သိရှိရသည်။
အဆိုပါ စမ်းသပ်သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းများကို မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ သန်းခေါင်စာရင်းကောက်ယူရေး ကော်မတီအဖွဲ့ဝင်များက ကြီးကြပ်ဆောင်ရွက် ပေးလျက်ရှိပြီး အောက်တိုဘာ ၁ ရက်မှ အောက်တိုဘာ ၃ ရက်အထိ အိမ်ထောင်စု (၆၅၃)စု လူဦးရေ (၁၀၃၈)ဦး ကောက်ယူနိုင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)