ကျောက်မဲ ၂၈ ဇွန်
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထားမှ တာဝန်ယူဖောက်လုပ်မည့် မူဆယ်-မန္တလေး ရထားလမ်းဖောက်လုပ်ခြင်း ဖြစ်နိုင်စွမ်းလေ့လာခြင်းအတွက် ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်း (Environmental Impact Assessment-EIA) ဆိုင်ရာ လူထုတွေ့ဆုံပွဲကို ဇွန် ၂၇ ရက် မွန်းလွဲ(၁) နာရီက ကျောက်မဲမြို့နယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
အခမ်းအနားသို့ လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းအုန်းကျော်၊ ဦးစိုင်းထွန်းအောင်၊ မြန်မာ့မီးရထားမှ တာဝန်ရှိသူများ၊ ဘူမိဗေဒပညာရှင်များ၊ မြို့မိမြို့ဖများ၊ ကျေးရွာနေပြည်သူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းအောင်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးထက်လင်းနိုင်တို့က အမှာစကားပြောကြားခဲ့ပြီး မြန်မာ့မီးရထားမှ အထွေထွေမန်နေဂျာ ဦးမျိုးဝင်း(အထက်မြန်မာပြည်)မှ၊ မီးရထားလမ်း ဖောက်လုပ်ခြင်း စီမံကိန်းဆိုင်ရာ ဆောင်ရွက်နေမှုကို လည်းကောင်း၊ (Ever Green Teach Environmental Services and Tranining Co,Ltd)မှ ဒေါက်တာကျော်စွာတင့်၊ ဇီဝနည်းပညာဌာနမှ ဒေါက်တာဝိုင်းနွေနွေဦးတို့က စီမံကိန်းလုပ်ငန်းစဉ်များနှင့် စီမံကိန်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် ပတ်ဝန်းကျင်ထိခိုက်လာမှုနှင့် ကာကွယ်ဆောင်ရွက်သွားမည့် နည်းလမ်းများကို ပါဝါပွိုင့်ဖြင့် ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် တက်ရောက်လာကြသော မြို့မိမြို့ဖများနှင့် ဒေသခံကျေးရွာပြည်သူများက စီမံကိန်းနှင့်ပတ်သက်သည့် သိရှိလိုသည်များကို မေးမြန်းကြရာ စီမံကိန်းမှ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့ကြောင်း ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ သိရသည်။
MDN


