ကွတ်ခိုင် ၃၀ သြဂုတ် 


ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ် ခိုလုံရွာဘုန်းတော်ကြီးကျောင်းရှိ တိုက်ပွဲရှောင်စခန်း၌ သြဂုတ် (၂၉) ရက်၊ နံနက် (၁၀) နာရီတွင် မူဆယ် - နမ့်ခမ်း နယ်စပ်ကုန်သွယ်ရေး အသင်းက ကွတ်ခိုင်မြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်ပြည်သူများအား  ဆန်၊ ဆီ၊ ဆားနှင့် ထောင်ပံ့ငွေများ လာရောက်ကူညီ ထောက်ပံ့ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်လွင်က ကျေးဇူးတင် အမှာစကားပြောကြားပြီး တိုက်ပွဲရှောင် ပြည်သူများအတွက် မူဆယ် - နမ့်ခမ်း နယ်စပ်ကုန်သွယ်ရေးအသင်းက ကူညီထောက်ပံ့သည့်  ကျပ် (၂၆)သိန်းတန်ဖိုးရှိ ဆန်အိတ် ၅၀၊ ဆီ (၂၇၂)ပိဿာ၊ ဆား (၅၉)ပိဿာနှင့် ထောက်ပံ့ငွေ ကျပ် (၂၄)သိန်း စုစုပေါင်း သိန်း(၅၀)တို့အား မြို့နယ် စီမံခန့်မှုကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ပေးအပ်ခဲ့သည်။ တိုက်ပွဲရှောင်ပြည်သူများက လက်ခံရယူပြီး ကျေးဇူးတင်စကားများ ပြန်လည်ပြောကြားခဲ့သည်။


ကွတ်ခိုင်မြို့နယ်အတွင်း၌ သြဂုတ် (၂၉)ရက်နေ့အထိ တိုက်ပွဲရှောင်ပြည်သူ (၂၆၁၇)ဦး ရှိပြီဖြစ်ရာ အိမ်ထောင်စု (၅၉၇) စု၊ ကျား(၁၀၈၀)ဦးနှင့် မ (၁၅၃၇)ဦး ရှိပြီဖြစ်ကြောင်း သိရသည်။


ကိုမိုင်း(ပြန်/ဆက်)