မူဆယ် ၇ စက်တင်ဘာ
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ကိုဗစ်-၁၉ ရောဂါ စီးပွားရေးကုစားမှု အစီအစဉ် (CERP) အရ ဒုတိယကြိမ် မျိုးစေ့ထုတ်တောင်သူ (၂၁)ဦးအား တစ်ဦးလျှင် (၆)သောင်းခွဲနှုန်းဖြင့် စုစုပေါင်း (၃၂)သိန်း ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ နံနက် ၈ နာရီခန့်က မူဆယ်မြို့၊ နောင်လောင်းကျေးရွာအုပ်စု၊ နောင်လောင်းလူငယ်ဇရပ်ခန်းမ၌ တောင်သူများထံ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်သည်။
အခမ်းအနားတွင် ခရိုင်စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်နန်းလွင်လွင်စိန်က အမှာစကားပြေားကြားပြီး စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမင်းမင်းအောင်က “မျိုးစေ့ထုတ်လုပ်ငန်း ဆောင်ရွက်တဲ့အခါမှာ စပါးသီးနှံပင်ကြီးထွားမှုအဆင့်တွေ မတူညီတဲ့ မျိုးကွဲပင်၊ ပေါင်းပင်နဲ့ ပိုးမွှားကျရောက်နေတဲ့အပင်တွေကို သေချာစစ်ဆေးပြီး နုတ်ပယ်ရန်၊ မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးနဲ့ သီးနှံအရည်အသွေး ပိုမိုကောင်းမွန်လာဖို့အတွက် (EM) ဖျော်ရည်ပြုလုပ်သုံးစွဲနည်းတွေနဲ့ ပတ်ဝန်းကျင်ညစ်ရမ်းမှု လျော့နည်းဖို့အတွက် သဘာဝမြေအောင်း ပိုးသတ်ဆေး လက်တွေ့ပြုလုပ်သုံးစွဲနည်းတွေကို တောင်သူတွေအနေနဲ့ အလေးထားဆောင်ရွက်ကြရန်” ရှင်းလင်းပြောကြားသည်။
ဆက်လက်ပြီး မျိုးကွဲနုတ်ပယ်ခြင်းနှင့် မျိုးသန့်စင်ခြင်းအတွက် မျိုးစေ့ထုတ်တောင်သူများကို ဧက(၅၀)စာအတွက် ထောက်ပံ့ငွေများကို တာဝန်ရှိသူများက တောင်သူများထံ လက်ဝယ်အရောက် အသီးသီးပေးအပ်ပြီး ခရိုင်ဦးစီးမှူး၊ မြို့နယ်ဦးစီးမှူး၊ ခရိုင်မြေအသုံးချတာဝန်ခံ၊ ခရိုင်မျိုးစေ့တာဝန်ခံ၊ ခရိုင်သီးနှံကာကွယ်ရေးတာဝန်ခံနှင့် တာဝန်ရှိသူတို့က တောင်သူများနှင့်အတူ မျိုးစေ့ထုတ်စိုက်ခင်း အောင်မြင်ဖြစ်ထွန်းမှု အခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
မူဆယ်မြို့၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ကိုဗစ်-၁၉ ရောဂါ စီးပွားရေးကုစားမှုအစီအစဉ်(CERP)အရ မျိုးစေ့ထုတ်တောင်သူများအား ပထမကြိမ်အဖြစ် ထောက်ပံ့ငွေ (၄၁)သိန်းကျော် ထောက်ပံ့ပေးအပ်ခြင်းကို ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ် ၂၅ ရက်က မျိုးစေ့ထုတ်တောင်သူများထံ လက်ဝယ်ပေးအပ်ခဲ့ပြီဖြစ်ကြောင်း သိရသည်။
ဆလိုင်းဗန်ရိုးထန်(ပြန်/ဆက်)


