မူဆယ် ၁၁ စက်တင်ဘာ

ကိုဗစ်-၁၉ရောဂါ ကူးစက်မှုများသည် စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များမှတစ်ဆင့် ပြည်တွင်းကူးစက်နိုင်ကြောင်းသိရှိရပြီး ရောဂါကူးစက်မှုမရှိစေရေးအတွက် မူဆယ်မြို့နယ် စည်ပင်သာယာရေး နယ်နိမိတ်အတွင်း ဖွင့်လှစ်ရောင်းချလျက်ရှိသော စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များကို မြို့နယ်စည်ပင်သာယာရေးဌာနမှ တာဝန်ရှိသူများက ယမန်နေ့နံနက်ပိုင်းတွင် လိုက်လံကြည့်ရှုစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့သည်။

 

ရှမ်းပြည်နယ် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ညွှန်ကြားချက်ဖြင့် မူဆယ်မြို့နယ်ရှိ စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များမှ ရောဂါကူးစက်မှုမရှိစေရေးအတွက် မြို့နယ်စည်ပင်သာရေးဌာနမှ တာဝန်ရှိသူများသည် စည်ပင်သာယာရေးနယ်နိမိတ်အတွင်းရှိ ရပ်ကွက်(၉)၌ ဖွင့်လှစ်ထားရှိသော စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးဌာနက သတ်မှတ်ထားသော စည်းကမ်းချက်များနှင့်အညီ ရောင်းချခြင်း ရှိ မရှိကို ထပ်မံစစ်ဆေးခဲ့ပြီး စည်းကမ်းချက်များနှင့်အညီ ရောင်းချခြင်းမရှိသော ဆိုင်များကို ဆိုင်တွင်ထိုင်ပြီးစားသောက်ခွင့်မပြုဘဲ ပါဆယ်စနစ်ဖြင့်သာ ရောင်းချခွင့် ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

 

မူဆယ်မြို့နယ် စည်ပင်သာယာရေးနယ်နိမိတ်အတွင်း ဖွင့်လှစ်ရောင်းချနေသော စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များသည် သတ်မှတ်ထားသော စည်းကမ်းချက်များနှင့်အညီ  ရောင်းချနေကြောင်း စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရှိရသည်။

စန္ဒာ(ပြန်/ဆက်)