မူဆယ် ဩဂုတ် ၂၀
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေ ပြည်သူများ၏ လယ်ယာထွက်ကုန်များ ဈေးနှုန်းသက်သာစွာဖြင့် ဈေးကွက်သို့ လွယ်ကူလျင်မြန်စွာ ပို့ဆောင်နိုင်စေရန် ရည်ရွယ်၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် မန်ခုံလုံကျေးရွာ၌ ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်ပြီးစီးမှု အခြေအနေများကို ယနေ့ နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် မူဆယ်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးယိုင်ဆိုင်နှင့် ဝန်ထမ်းများက သက်ဆိုင်ရာ ကုမ္ပဏီများ ကျေးရွာကော်မတီဝင်များနှင့်အတူ မန်ခုံလုံကျေးရွာ၌ ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများ သတ်မှတ် စံချိန်စံညွှန်းပြည့်မီစွာဖြင့် အချိန်မီပြီးစီးရေး ဆွေးနွေးမှာကြားခဲ့သည်။
အဆိုပါကျေးရွာ၌ ကျေးလက်ကုန်ထုတ်လမ်းဖောက်လုပ်ခြင်း ၁ မိုင် ၄ ဖာလုံ၊ အကျယ် ၁၂ ပေ၊ အမြင့် ၉ လက်မထုခင်းခြင်းနှင့် Box Culvert တစ်စင်းတည်ဆောက်ခြင်းလုပ်ငန်းတို့ကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၂-၂၀၂၃ခု ဘဏ္ဍာနှစ် ပြည်ထောင်စုခွင့်ပြုရန်ပုံ ငွေကျပ် ၆၈ ဒသမ ၂ သန်းဖြင့် တင်ဒါအောင်မြင်သည့် Royal-47 ကုမ္ပဏီက တာဝန်ယူ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယခုအခါ ၅၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း၊ ကုန်ထုတ်လမ်းပြီးစီးပါက လယ်ယာထုတ်ကုန် ဧက(၂၂၁)ကျော် အကျိုးပြုမည်ဖြစ်ကြောင်း မူဆယ်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးယိုင်ဆိုင်ကထံမှ သိရသည်။
ကျော်စိုး(ကျေး/လက်)