မူဆယ် ၂၀ ဩဂုတ်

 

ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့နယ်၌ သစ္စာစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသေးသည့် နိုင်ငံသားများကို နိုင်ငံသားစိစစ်ရေးကတ်ပြားပြုလုပ်ပေးခြင်းနှင့် မဲစာရင်း တိကျမှန်ကန်စေရေးအတွက် မဲစာရင်း စိစစ်ခြင်းလုပ်ငန်းများကို ဩဂုတ် ၁၈ ရက် နံနက်ပိုင်းမှ စတင်ပြီး အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မူဆယ်ခရိုင်၊ မူဆယ်မြို့ (လဝက) ဦးစီးမှူးရုံးမှ ဦးစီးမှူးဦးမောင်မောင်တာနှင့် ဝန်ထမ်းများ၊ ကျေးရွာကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တိုင်းရင်းသား ယဉ်ကျေးမှု အသင်းအဖွဲ့တို့ ပူးပေါင်းပြီး ဆက်လက်ကွင်းဆင်းဆောင်ရွက်သည်။

 

“မူဆယ်မြို့နယ်၊ လဝကဦးစီးမှူးရုံးအနေနဲ့ သက်ဆိုင်ရာ မြို့နယ်၊ ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲ၊ (OSS)အဖွဲ့ဝင်တွေနဲ့ ပေါင်းစပ် ညှိနှိုင်းပြီးတော့ နိုင်ငံသားစိစစ်ရေးကတ်ပြားတွေ ကွင်းဆင်းပြုပေးနေပါတယ်၊ ဒါ့ပြင် မဲစာရင်း တိကျမှန်ကန်စေရေးအတွက် မဲစာရင်းစစ်ဆေးပေးခြင်း၊ သက်ဆိုင်ရာ ကော်မရှင်ရုံးတွေမှာ မဲစာရင်း ဖြည့်သွင်း ပေးခြင်းတွေကို အဖွဲ့(၃)ဖွဲ့ခွဲပြီး ဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်နဲ့အညီ အကောင်ထည်ဖော် ဆောင်ရွက်နေပါတယ်”ဟု မူဆယ်မြို့နယ်၊ လဝကဦးစီးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာ၌ မူဆယ်မြို့နယ်၊ မော်တောင်းကျေးရွာအုပ်စု၊ မန့်ဟန်ကျေးရွာအုပ်စု၊ မူလွန် ပန်ခါးကျေးရွာအုပ်စုနှင့် နမ့်အွမ်ကျေးရွာအုပ်စုတို့တွင် နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသေးသည့် လူဦးရေ စုစုပေါင်း(၄၉)ဦးအတွက် နိုင်ငံသားစိစစ်ရေးကတ်ပြားပြုလုပ်ပေးပြီး စုစုပေါင်းလူဦးရေ ၂၀၀ ကျော်အတွက် မဲစာရင်း စိစစ်ခြင်းနှင့် အမည်စာရင်းနိုင်ငံသားစိစစ်ရေးအမှတ်ဖြည့်သွင်းပေးခြင်းကို တစ်ပြိုင်နက်ဆောင်ရွက် ပေးသည်။

 

ဆက်လက်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားများကွင်းဆင်းဆောင်ရွက်ပေးခြင်းနှင့် မဲစာရင်းစစ်ဆေးခြင်း လုပ်ငန်းများကို နယ်မြေအရောက် ဆောင်ရွက်ပေးခြင်းအားဖြင့် နိုင်ငံသားတစ်ဦးချင်း၏ မဲပေးပိုင်ခွင့်ဆုံးရှုံးမှု မရှိခြင်း၊ အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် သက်ဆိုင်ရာဌာနအဖွဲ့အစည်းများ၊ ယဉ်ကျေးမှုအဖွဲ့အစည်းများနှင့် ဝိုင်းဝန်းပူးပေါင်းပြီး ဆက်လက်ကွင်းဆင်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ဆလိုင်းဗန်ရိုးထန်(ပြန်/ဆက်)

 

mdn