ရန်ကုန် ၈ ဇွန်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည် ထူထောင်ရေးဦးစီးဌာန၊ ရန်ကုန်ပြန်လည်ထူထောင်ရေးစခန်းမှ ဖွင့်လှစ်သည့် (၁/၂၀၁၉) စခန်းအခြေပြု ပြန်လည်ထူထောင်ရေးသင်တန်း သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် ရန်ကုန်မြို့ လူမှုဝန်ထမ်းဦးစီးဌာနရုံးအတွင်းရှိ ရန်ကုန်ပြန်လည် ထူထောင်ရေးစခန်း၌ ကျင်းပသည်။
အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မော်မော်ဦး ကသင်တန်းသားများအနေဖြင့် သင်တန်းကာလပြီးဆုံးပြီးနောက် မိမိတို့နေထိုင်ရာ ပတ်ဝန်းကျင်တွင် ပြန်လည်ဝင်ဆံ့နေထိုင်မည်ဆိုပါက မူးယစ်ဆေးအ လွဲသုံးခဲ့သူ တစ်ဦးတစ်ယောက်အနေဖြင့် ပြန်လည်ရောက်ရှိလာသည်မဟုတ်ဘဲ စိတ်သစ်၊ လူသစ်၊ ဘဝသစ်ဖြင့် အသစ်တဖန်ပြန်လည် ရပ်တည်လာသည့် လူတစ်ဦးတစ် ယောက်အနေဖြင့် နေထိုင်သွားရန် လိုအပ်ပါကြောင်း။
ယင်းအချိန်ကာလ၌ မိဘများအနေဖြင့်လည်း မိသားစုအတွင်း ပြန်လည်ရောက်ရှိလာသည့် မိမိတို့၏သား၊ သမီးများကို နွေးနွေးထွေးထွေး ပြန်လည်ကြိုဆို လက်ခံရန်မှာလည်း အရေးကြီးသည့် အချက်ပင်ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဝင် ဒေါ်သန်းမြင့်အောင်က မုဒိတာစကားပြောကြားပြီး ဒုတိယညွှန်ကြားရေးမှူး ဒေါ်မော်မော်ဦးနှင့် တာဝန်ရှိ သူများက သင်တန်းဆင်းလက်မှတ် ပေးအပ်သည်။
ယင်းနောက် သင်တန်းသားများကိုယ်စား သင်တန်းသားတစ်ဦးက ကျေးဇူးတင် စကားပြောကြားပြီး ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ ရန်ကုန်ပြန်လည်ထူထောင်ရေး စခန်းမှ လက်ထောက်ညွန်ကြားရေးမှူး ဒေါ်ခင်ဆွေလှိုင်က သင်တန်းသုံးသပ်ချက်ကို ပြောကြားသည်။
ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ ရန်ကုန်ပြန်လည်ထူထောင်ရေးစခန်းအနေဖြင့် သင်တန်းသားများကို နောက်ဆက်တွဲ စောင့်ရှောက်မှုအနေဖြင့် ပြန်လည်ထူထောင်ရေး ဦးစီးဌာနမှ စေတနာ့ဝန်ထမ်း မူးယစ်ကြီးကြပ်ရေးမှူးများကို သင်ကြားလေ့ကျင့် မွေးထုတ်ပေးလျက်ရှိပြီး စေတနာ့ဝန်ထမ်း မူးယစ်ကြီးကြပ်ရေးမှူးများမှ သင်တန်းသားများ မူးယစ်ဆေး ပြန်လည်မသုံးစွဲရေးအတွက် စဉ်ဆက်မပြတ် ကူညီဆောင်ရွက်မှုကို နောက်ဆက်တွဲစောင့်ရှောက်မှုအဖြစ် အချိန်ကာလ တစ်နှစ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ရန်ကုန်ပြန်လည်ထူထောင်ရေးစခန်းမှ ဖွင့်လှစ်သည့် စခန်းခြေပြုပြန်လည် ထူထောင်ရေးသင်တန်းသည် အနယ်နယ်အရပ်ရပ်မှ မူးယစ်ဆေးဖြတ် ဆေးကု သမှုခံယူပြီးနောက် ပြန်လည်ထူထောင်ပေးသည့် သင်တန်းဖြစ်ပြီး ပြန်လည်ထူထောင်ရေး သင်တန်းကာလ ၃၅ ရက်ဖြစ်ပြီး သင်တန်းကာလအတွင်း သင်တန်းသားများကို ရုပ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်ပေးခြင်း၊ စိတ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်ပေးခြင်း၊ အသက်မွေးဝမ်းကျောင်းပညာရပ်များဖြစ်သည့် တံဆိပ်ရိုက်ပညာ၊ ဆပ်ပြာဆီ ထုတ်လုပ်ခြင်းပညာရပ်များ သင်ကြားပေးသည့်အပြင် တစ်ဦးချင်း နှစ်သိမ့်ဆွေးနွေးခြင်း၊ အုပ်စုဖွဲ့ နှစ်သိမ့်ဆွေးနွေးခြင်း၊ မိသားစုများအား အသိပညာပေးခြင်း စသည်တို့ကို လမ်းညွှန်သင်ကြား ပြသပေးလျက်ရှိကြောင်း သိရသည်။
ယခုသင်တန်းသည် ပြန်လည်ထူထောင်ရေးလုပ်ငန်းရပ်များ၏ ရည်ရွယ်ချက် ဖြစ်သည့် ဆေးကုသမှုခံယူပြီးသူများအား မူးယစ်ဆေး ကင်းရှင်းပြီး လူ့အဖွဲ့အစည်းအတွင်း ပြန်လည်နေထိုင် ဝင်ဆံ့လာစေရန်၊ တစ်ဦးချင်းစီ၏ ကိုယ်ရည်ကိုယ်သွေးနှင့် ဝါသနာထုံမှုအပေါ် မူတည်၍ ကိုက်ညီသည့် အသက်မွေးဝမ်းကျောင်းပညာရပ်များ လေ့ကျင့်ပေးရန်၊ ကုန်ထုတ်လုပ်ငန်းများတွင် ကိုယ်တိုင်ကိုယ်ကျ ပါဝင်ဆောင်ရွက်တတ်လာစေရန်၊ လေ့ကျင့်သင်ကြားပေးသည့် ပညာရပ်များနှင့် မိမိဘဝရပ်တည်နိုင်စေရန် ရည်ရွယ်ချက်ကောင်းများဖြင့် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
(သတင်းနှင့်ဓာတ်ပုံ/မင်းသစ်(MNA)