ပဲခူး ၁၄ မေ
ပဲခူးမြို့ ဥဿာမြို့သစ်(ယာဉ်ဝင်းဟောင်း)၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းရှိ မြန်မာမင်္ဂလာဟိုတယ်ခန်းမ၌ ယနေ့ နံနက်ပိုင်းက မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေးဟောပြောပွဲဆိုင်ရာ နည်းပြသင်တန်းများ ဖွင့်လှစ်သင်ကြားရေး (Training for Trainers)သင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပသည်။
ရှေးဦးစွာ မြန်မာနိုင်ငံမူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း ဗဟိုဥက္ကဋ္ဌ ရဲချုပ်(ငြိမ်း)ဦးစိုးဝင်းက သင်တန်းသား သင်တန်းသူများအနေဖြင့် သင်တန်းဆရာပညာရှင်ကြီးမှ သင်ကြားပို့ချသည်များကို ဂရုစိုက်လေ့လာသင်ယူပြီး လက်တွေ့နယ်ပယ်မှာ ပြန်လည်အသုံးချနိုင်အောင်ဆောင်ရွက်ကြရန် အဖွင့်အမှာစကားပြောကြားပြီး သင်တန်းဆရာများက အသင်းဝင်များရဲ့အရည်အသွေးမြှင့်တင်နိုင်ရေး၊ အဆိုးသံသရာလည်ခြင်း၊ အဆိုးသံသရာမှလွတ်မြောက်ခြင်း၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့်ဖြစ်ပေါ်လာမည့်ဆိုးကျိုးများ၊ ကျန်းမာစွာနေထိုင်ခြင်း၊ မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေးရန်နည်းလမ်းများ၊ နည်းဗျူဟာများ၊ ကမ္ဘာ့ ကုလသမဂ္ဂ အဖွဲ့၏ရည်မှန်းချက်၊ မူးယစ်ဆေးဝါး၏ အဓိပ္ပာယ်များကို သင်တန်းကာလအချိန်တိုအတွင်း သင်ကြားပို့ချကြသည်။
အဆိုပါသင်တန်းအား မြန်မာနိုင်ငံမူးယစ်ဆေးဝါး ဆန့်ကျင်ရေးအသင်း(ဗဟို)မှ ဦးဆောင်၍ ပဲခူးတိုင်းဒေသကြီး မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း၏ ကြီးကြပ်မှုဖြင့် မေလ(၁၄)ရက်နေ့ နံနက် ၉ နာရီခွဲမှ မွန်းလွဲ ၁ နာရီခွဲအထိဖွင့်လှစ်ခြင်းဖြစ်ပြီး သင်တန်းသား သင်တန်းသူ ၅၀ တက်ရောက်ကြမည်ဖြစ်သည့်အပြင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် မေလအတွင်း ပဲခူး၊ ပြည်၊ သာယာဝတီနှင့် တောင်ငူခရိုင်တို့တွင် သင်တန်းသား သင်တန်းသူ ၂၀ဝ ကျော်အား သင်တန်းဖွင့်လှစ်ကာ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
တင်စိုး(ပဲခူး)