ကော့သောင်း ဇွန် ၁၃

 

မူးယစ်ဆေးဝါးအန္တရာယ်နှင့် လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲကို ဇွန် ၁၂ ရက် မွန်းလွဲပိုင်းက ကော့သောင်းမြို့ အေးမြကန်သာရပ်ကွက်၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းခန်းမတွင် ကျင်းပပြုလုပ်သည်။

 

အသိပညာပေးဓာတ်ပုံပြပွဲတွင် အဆိုပါကျောင်းရှိ သင်တန်းသူများအား မူးယစ်ဆေးဝါး၏ ဆိုးကျိုးများ၊ မူးယစ်ဆေးဝါးအကြောင်း သိကောင်းစရာများ၊ နိုင်ငံတော်မှ အမျိုးသားရေးတာဝန်အဖြစ် မူးယစ်ဆေးဝါး ပပျောက်ရေးအတွက် တိုက်ဖျက်ရေးလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများ၊ မူးယစ်ဆေးဝါးအန္တရာယ် ဆိုးကျိုးများနှင့် သက်ဆိုင်သည့် ပညာပေးရောင်စုံဓာတ်ပုံများ၊ ပညာပေးစာစောင်များ၊ လူကုန်ကူးမှုနှင့် လူမှောင်ခိုမှုအန္တရာယ်ဆိုင်ရာ အသိပညာပေး ရုပ်ပုံကားချပ်များ၊ နယ်စပ်ဒေသဖြစ်သည့်အတွက် ငယ်ရွယ်သူအမျိုးသမီးငယ်များ လူကုန်ကူးမှုအန္တရာယ်မှ ကင်းဝင်းစေရန် ကြိုတင်သတိပြု ဆင်ခြင်လိုက်နာရန် လိုအပ်သည်များ စသည့် အသိပညာပေးချက်များအား ခင်းကျင်းပြသရာ သင်တန်းသူများ စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

 

ကျော်စိုး(ကော့သောင်း)