မူးယစ်ဆေးဝါးများနှင့် မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့်ပစ္စည်းများ ပမာဏအများဆုံးသိမ်းဆည်းရမိမှု၊ အွန်လိုင်းလိမ်လည်လောင်းကစားမှုပြုလုပ်ရာတွင် အသုံးပြုသည့်ပစ္စည်းများ ဖော်ထုတ်သိမ်းဆည်းရမိမှုတို့နှင့် ပတ်သက်၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၏ သတင်းစာရှင်းလင်းပွဲ ကျင်းပ
နေပြည်တော် ဇန်နဝါရီ ၁၄
လူသားမျိုးနွယ်တစ်ခုလုံးကို လူညွန့်တုံးပျက်စီးစေသည့် ဘိန်းဖြူ၊ မက်သ်အဖက်တမင်း (Metham-phetamine)၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသည့် ဆေးဝါးများနှင့် မူးယစ်ဆေးဝါးများကို အဓိကချက်လုပ်သည့်နေရာဟု ယူဆသည့် နေရာများ၊ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ပြုလုပ်သည့်နေရာနှင့် အသုံးပြုသည့် ပစ္စည်းများကို လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် ရှင်းလင်းဖော်ထုတ်ဖမ်းဆီးရမိသည့် သတင်းအား ဇန်နဝါရီ ၁၁ ရက်တွင် ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။
အဆိုပါ မူးယစ်ဆေးဝါးနှင့် မူးယစ်ဆေးဝါးများကို ချက်လုပ်ရာတွင် အသုံးပြုသည့် ပစ္စည်းများ ပမာဏအများဆုံး သိမ်းဆည်းရမိမှု၊ အွန်လိုင်းလိမ်လည် လောင်းကစားမှုပြုလုပ်ရာတွင် အသုံးပြုသည့်ပစ္စည်းများ ဖော်ထုတ်သိမ်းဆည်းရမိမှု တို့နှင့် ပတ်သက်၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၏ သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ယနေ့ နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့ အနီးစခန်းလေဆိပ်၌ ကျင်းပပြုလုပ်ရာ ကော်မရှင်အဖွဲ့ဝင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ အဖွဲ့ခေါင်းဆောင် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းတို့က ရှင်းလင်းပြောကြားကြသည်။
အဆိုပါ သတင်းစာရှင်းလင်းပွဲသို့ နီပေါနိုင်ငံ၊ လာအိုနိုင်ငံ၊ ပါကစ္စတန်နိုင်ငံ၊ ဘရူနိုင်းနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့မှ သံအမတ်ကြီးများ၊ သံတမန်များ၊ စစ်သံမှူးများ၊ တရုတ်နိုင်ငံ အမျိုးသားမူးယစ်ဆေးဝါးထိန်းချုပ်ရေးကော်မရှင် (NNCC)၊ ထိုင်းနိုင်ငံ မူးယစ်ဆေးဝါးထိန်းချုပ်ရေးအဖွဲ့ (ONCB)၊ ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC) တို့မှ တာဝန်ရှိသူများ၊ ပြည်တွင်းသတင်းဌာနများ၊ နေ့စဉ်ထုတ်သတင်းစာများ၊ ပြည်တွင်းရုပ်မြင်သံကြားသတင်းဌာနများ၊ ပြည်တွင်းအခြေစိုက် ပြည်ပသတင်းဌာနမှ သတင်းထောက်များ တက်ရောက်သတင်းရယူကြသည်။
ဦးစွာ ကော်မရှင်အဖွဲ့ဝင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က မြန်မာနိုင်ငံအနေဖြင့် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးကို အမျိုးသားရေးတာဝန်အဖြစ် ချမှတ်ထားပြီး ဦးစားပေးဆောင်ရွက်ရမည့် လုပ်ငန်းတစ်ခုအဖြစ် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ မူးယစ်ဆေးဝါး ပြဿနာသည် မြန်မာနိုင်ငံတစ်ခုတည်းနှင့် မြန်မာပြည်သူများအပေါ်သာ သက်ရောက်မှုရှိခြင်းမဟုတ်ဘဲ နိုင်ငံတိုင်းရှိ ပြည်သူများအပေါ် ဆိုးကျိုးသက်ရောက်မှုများရှိနေပြီး ထိုကဲ့သို့ လူသားမျိုးနွယ်စုတစ်ခုလုံးနှင့် သက်ဆိုင်သည့် ပြဿနာအပေါ် လူမျိုးစွဲ၊ ဘာသာစွဲ၊ နိုင်ငံရေးဝါဒအစွဲများနှင့် ဆောင်ရွက်နေကြသည့် အချို့အဖွဲ့အစည်းများနှင့် နိုင်ငံများ၏ ဆောင်ရွက်ချက်များကို စိတ်မကောင်းဖွယ် တွေ့မြင်နေကြရသည့် အခြေအနေများ၊ မြန်မာနိုင်ငံအနေဖြင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနှင့် ပတ်သက်လာပါက နိုင်ငံတကာကို ပေးအပ်ထားသည့် ကတိများအတိုင်း မမှိတ်မသုန် ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများ။
၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်အထိ မြန်မာနိုင်ငံ၏ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ဆောင်ရွက်မှု၊ ဘိန်းခင်းများအားဖျက်ဆီးခဲ့မှု၊ ဖမ်းဆီးရမိ မူးယစ်ဆေးဝါးနှင့် ဓာတုပစ္စည်းများအား မီးရှို့ဖျက်ဆီးခဲ့မှု၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး အထူးစစ်ဆင်ရေးဆောင်ရွက်ခဲ့မှု အခြေအနေများ၊ မူးယစ်ဆေးဝါးချက်လုပ်ရာနေရာများ ဖော်ထုတ်ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ရာ၌ ၂၀၂၁ ခုနှစ် မှ ၂၀၂၅ ခုနှစ်အတွင်း မူးယစ်ဆေးဝါးထုတ်လုပ်သည့် စခန်းငယ်များကိုသာ ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ပြီး ယခုဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးချက်လုပ်သော စခန်းများသည် ဖော်ထုတ်ဖမ်းဆီးရမိမှုများအနက် အကြီးမားဆုံးဖြစ်သည်ကို တွေ့ရှိရသည့် အခြေအနေများနှင့် အဆင့်ဆင့်ဖော်ထုတ်ဖမ်းဆီးရမိခဲ့မှု အခြေအနေများ၊ ယခုဖမ်းဆီးရမိသော ဓာတုပစ္စည်းများနှင့် မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုနေသည့် ပစ္စည်းကိရိယာများအပေါ် လေ့လာဖော်ထုတ်ချက်အရ အဆိုပါနေရာများတွင် မူးယစ်ဆေးဝါးအမြောက်အမြားကို ထုတ်လုပ်နေကြောင်း စိစစ်တွေ့ရှိရသည့် အခြေအနေများ။
မြန်မာနိုင်ငံအနေဖြင့် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး လုပ်ငန်းများကို နိုင်ငံတကာ အသိုက်အဝန်းနှင့် ပူးပေါင်းပြီး ဆောင်ရွက်သွားရန် ကတိပြုထားသည့်အတိုင်း ကြိုးပမ်းဆောင်ရွက်လျက်ရှိကာ ယခုကဲ့သို့ မူးယစ်ဆေးဝါးအမြောက်အမြား ထုတ်လုပ်ရာ ပင်ရင်းနေရာတစ်ခုအား ဖော်ထုတ်ဖျက်ဆီးနိုင်ခဲ့ခြင်းကြောင့် မူးယစ်ဆေးဝါးထုတ်လုပ်မှု ပြဿနာကို ထိရောက်ပြင်းထန် စွာတားဆီးနိုင်ခဲ့သည့် အခြေအနေများ၊ မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာသို့ ပေးထားသည့်ကတိအတိုင်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေး လုပ်ငန်းများကို နိုင်ငံအတွင်းရှိ ရနိုင်သမျှသော စွမ်းအားစု၊ အရင်းအမြစ်များ အသုံးပြုပြီး ဆက်လက်တိုက်ဖျက်သွားမည်ဖြစ်သည့် အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက မြန်မာနိုင်ငံအစိုးရအနေဖြင့် လူသားမျိုးနွယ်ကို လူညွန့်တုံးစေနိုင်သည့် မူးယစ်ဆေးဝါးကို အမျိုးသားရေးအန္တရာယ်အဖြစ် သတ်မှတ်ပြီး မူးယစ်ဆေးဝါးတိုက်ဖျက်ရေး လုပ်ငန်းများကို အမျိုးသားရေးတာဝန်တစ်ရပ်ဟု သတ်မှတ်ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ EAO အမည်ခံ သောင်းကျန်းသူအဖွဲ့များနှင့် အကြမ်းဖက်သမားများက နိုင်ငံအတွင်း တည်ငြိမ်မှုမရှိအောင် လုပ်ဆောင်ပြီး အဆိုပါ အခြေအနေများကို အခွင့်ကောင်းယူကာ ၎င်းတို့အတွက် ဝင်ငွေရလမ်းဖြစ်သည့် မူးယစ်ဆေးဝါးထုတ်လုပ်မှုနှင့် သယ်ဆောင်ရောင်းချသော အလုပ်များကို လုပ်ဆောင်နေသည့် အခြေအနေများ၊ မူးယစ်ဆေးဝါး ထုတ်လုပ်ရောင်းချခြင်းသည် ငွေကြေးခဝါချမှု၊ လက်နက်မှောင်ခိုမှု၊ အကြမ်းဖက်မှုတို့ကို အထောက်အပံ့ဖြစ်စေသည့် အတွက်ကြောင့် နိုင်ငံတော်အတွင်း တည်ငြိမ်အေးချမ်းမှုကို ခြိမ်းခြောက်နေသော စိန်ခေါ်မှုတစ်ရပ်လည်း ဖြစ်ပေါ်လျက်ရှိသည့် အခြေအနေများ၊ မြန်မာနိုင်ငံ၌ မူးယစ်ဆေးဝါးထုတ်လုပ်သည့် နေရာတွင် အသုံးပြုသော ဓာတုပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများကို ထုတ်လုပ်နိုင်ခြင်းမရှိသည့် အခြေအနေများနှင့် အဆိုပါပစ္စည်းများကို သောင်းကျန်းသူ အဖွဲ့များအနေဖြင့် အခြားနိုင်ငံများမှ နည်းမျိုးစုံသုံးပြီး မြန်မာနိုင်ငံအတွင်းသို့ ချိတ်ဆက်သယ်ဆောင်ခဲ့သည့် အခြေအနေများ၊ ကိုဗစ်-၁၉ ကပ်ရောဂါအပါအဝင် နိုင်ငံတော်၏ နိုင်ငံရေးမတည်ငြိမ်မှု၊ နယ်မြေလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးပျက်ပြားမှု အခြေအနေများကို အခွင့်ကောင်းယူပြီး မူးယစ်ဆေးဝါးလုပ်ငန်းများကို ၎င်းတို့အနေဖြင့် ပိုမိုလုပ်ဆောင်လာကြသည့် အခြေအနေများ။
မြန်မာနိုင်ငံအစိုးရအနေဖြင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး လုပ်ငန်းများနှင့် အွန်လိုင်းလိမ်လည် လောင်းကစားလုပ်ငန်းများကို တရုတ်နိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများနှင့်လက်တွဲပြီး တက်ကြွစွာ ပူးပေါင်းနှိမ်နင်းလျက်ရှိပြီး အမျိုးသားရေးတာဝန်အဖြစ်ခံယူ၍ အမြစ်ပြတ်ချေမှုန်းရန် ရည်မှန်းချက်ထား ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ ယခုမူးယစ်ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ၊ အွန်လိုင်းလိမ်လည်လောင်းကစားမှု ပြုလုပ်သည့် ပစ္စည်းများ အမြောက်အမြား ဖမ်းဆီးရမိသည့် ရှမ်းပြည်နယ် (မြောက်ပိုင်း) မိုင်းရယ်နှင့် သီပေါအကြား၊ မိုင်းရယ်မြို့၏ အနောက်တောင်ဘက်နေရာများ၏ နောက်ခံသမိုင်းကြောင်း အခြေအနေများ၊ ၂၀၁၃ ခုနှစ်ခန့်တွင် ယင်းဒေသ၏ တောင်ဘက်ဟိုက်ပါ၊ ပါချီးလမ်းခွဲနေရာများသို့ SSPP/SSA ဝမ်ဟိုင်းအဖွဲ့ ဝင်ရောက်လာခဲ့သဖြင့် တပ်မတော်နှင့် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး တပ်မတော်အနေဖြင့် ၎င်းတို့၏ ဝမ်ဟိုင်းဌာနချုပ်နေရာအထိ ရောက်ရှိစစ်ဆင်ခဲ့သော်လည်း ၂၀၁၅ ခုနှစ်တွင် NCA လက်မှတ်ရေးထိုးနိုင်ရေး ဆွေးနွေးဆောင်ရွက်မှုများအရ စစ်ဆင်ရေးကို ရပ်တန့်ပေးခဲ့သည့် အခြေအနေများ၊ ထို့နောက် ၎င်းဒေသတစ်ဝိုက်တွင် မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့် သတင်းများရရှိခဲ့သဖြင့် တပ်မတော်မှ ဝင်ရောက်ရှင်းလင်းခဲ့ပြီး SSPP/SSA ဝမ်ဟိုင်းအဖွဲ့ကိုလည်း သတိပေးမှုများပြုလုပ်ခဲ့ရသည့် အခြေအနေများ။
ယင်းဒေသများ၌ ယခင်ကတပ်မတော်စိုးမိုးမှုရှိခဲ့ပြီး အဖြူရောင်ဒေသဖြစ်ခဲ့ကာ သီပေါနှင့် မိုင်းရယ်အကြား ဆက်သွယ်ထားသည့် လမ်းနှင့်အနီးတစ်ဝိုက်ရှိ စိန်ကြော့၊ ဆောင်ကြဲ၊ ဟိုယနှင့် တောင်ဘက်နမ့်လန်တို့၌ တပ်မတော်မှ စိုးမိုးမှုရှိခဲ့သည့် အခြေအနေများနှင့် ၂၀၂၃ ခုနှစ်၌ ၁၀၂၇ အမည်ခံစစ်ရေးလှုပ်ရှားမှုပေါ်ပေါက်လာခဲ့ပြီး နောက်ပိုင်း လားရှိုးအပါအဝင် အဆိုပါဒေသများမှ ခေတ္တဆုတ်ခွာခဲ့ရသည့် အခြေအနေများ၊ ထို့နောက် နှစ်ဖက်ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီချက်များအရ တပ်မတော်အနေဖြင့် ရှေ့မတိုး၊ နောက်မဆုတ်သာ ရပ်တန့်နေခဲ့ရချိန်တွင် မူးယစ်ဆေးဝါးထုတ်လုပ်ရေးလုပ်ငန်းနှင့် ရင်းနှီးကျွမ်းဝင်နေသည့်သူများ၊ ဝိသမလောဘသားများသည် ဒေသခံတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (EAO) များနှင့် ပူးပေါင်းပြီး မူးယစ်ဆေးဝါးထုတ်လုပ်သည့်နေရာများ ထူထောင်ခြင်း၊ မူးယစ်ဆေးဝါးချက်လုပ်ခြင်း၊ အွန်လိုင်းလိမ်လည်မှု ကျူးလွန်ခြင်းများကို လုပ်ဆောင်လာကြခြင်းဖြစ်ပြီး ၎င်းတို့အနေဖြင့် “တောမီးလောင် တောကြောင် လက်ခမောင်းခတ်” ကြခြင်းပင်ဖြစ်သည့် အခြေအနေများ။
၂၀၂၅ ခုနှစ် အတွင်း၌ တပ်မတော်အနေဖြင့်နယ်မြေ၌ အခြေကျလာသည်နှင့်အမျှ နယ်မြေဒေသအတွင်း တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကို မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ပူးပေါင်းပြီး တစ်စထက်တစ်စ တိုးမြှင့်ဆောင်ရွက်ခဲ့သည့် အခြေအနေများ၊ ထိုသို့ ဆောင်ရွက်နိုင်ခဲ့မှုကြောင့် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလအတွင်း ရှမ်းပြည်နယ် (မြောက်ပိုင်း) မိုင်းရယ်မြို့နယ် မိုင်းဟဒေသ၊ နိုဝင်ဘာလအတွင်း ရှမ်းပြည်နယ် (တောင်ပိုင်း) ကျေးသီးမြို့နယ် မိုင်းနောင်မြို့အနီးနှင့် ဒီဇင်ဘာလအတွင်း ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့နယ် တောင်ထိပ်ကျေးရွာအနီးတို့တွင် အွန်လိုင်းလိမ်လည်လောင်းကစားမှု လုပ်ငန်းလုပ်ကိုင်နေသည့် ပြည်ပနိုင်ငံသားများနှင့် လောင်းကစားလုပ်ငန်း လုပ်ကိုင်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိခဲ့မှု အခြေအနေများ။
၂၀၂၆ ခုနှစ် ဇန်နဝါရီလအတွင်း၌ ရှမ်းပြည်နယ် (မြောက်ပိုင်း) သီပေါမြို့နယ်နှင့် မိုင်းရယ်မြို့အကြား၌ အွန်လိုင်းလိမ်လည်မှုလုပ်နေသည့် နေရာများ ရှိနေကြောင်း၊ သောင်းကျန်းသူများ၏ မတရားညှဉ်းပန်းနှိပ်စက်မှု၊ လူသစ်စုဆောင်းမှုများ၊ ဒေသခံများ ပိုင်ဆိုင်သည့် တန်ဖိုးရှိပစ္စည်းများကို အတင်းအဓမ္မယူဆောင်ခြင်း၊ အဆောက်အအုံများနှင့် လမ်းတံတားများကို အကြောင်းမဲ့ဖျက်ဆီးခြင်းစသည့် လူမှုစီးပွားဘဝများ ပျက်စီးဆုတ်ယုတ်စေသော လုပ်ဆောင်ခြင်းများကို နှစ်မြို့ခြင်းမရှိသည့် ဒေသခံတိုင်းရင်းသားများအနေဖြင့် အခွင့်မသာ၍သာ တပ်မတော်စစ်ကြောင်းများအား သတင်းပေးပို့နိုင်ခဲ့ခြင်းမရှိဘဲ တပ်မတော်စစ်ကြောင်းများက အကြမ်းဖက်သောင်းကျန်းသူများ ယာယီစိုးမိုးထားသည့် နေရာများအား တစ်ခုပြီးတစ်ခု ပြန်လည်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့မှုကြောင့် ဒေသခံပြည်သူများအနေဖြင့် တပ်မတော်အပေါ် ယုံကြည်အားကိုးမှုများ၊ စိတ်အားထက်သန်စွာ အားပေးထောက်ခံမှုများ ပြုလုပ်လာကြပြီး အကြမ်းဖက်သမားများ၏ သတင်းများကို အချိန်နှင့်တစ်ပြေးညီ နီးစပ်ရာ တပ်မတော်စစ်ကြောင်းများထံသို့ သတင်းပေးပို့လာခဲ့သည့်အတွက် တပ်မတော်အနေဖြင့် လေကြောင်းကင်းထောက်မှုများ၊ မြေပြင်သတင်းစုံစမ်းခြင်းများ အကြိမ်ကြိမ် လုပ်ဆောင်ခဲ့ရာ အွန်လိုင်းလိမ်လည်မှုသာမက မူးယစ်ဆေးဝါးနှင့်လည်း ပတ်သက်နေကြောင်း တွေ့ရသည့်အတွက် နိုင်ငံတော်အစိုးရနှင့် တပ်မတော်အနေဖြင့် လျှပ်တစ်ပြက် အထူးစစ်ဆင်ရေးကို ထိရောက်ပြင်းထန်စွာ ဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့ပြီး စစ်ဆင်ရေးစတင်ခဲ့သည့် အခြေအနေများ၊ စစ်ဆင်ရေးကို ဆောင်ရွက်ရာတွင် တပ်မတော်က တပ်ရင်း (၃) ရင်း၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ရဲကွန်မန်ဒိုတပ်ခွဲ (၃) ဖြင့် အင်ပြည့်အားပြည့် ဆောင်ရွက်ခဲ့ပြီး သမိုင်းတစ်လျှောက်တွင် မူးယစ်ဆေးဝါးနှိမ်နင်းရေးစစ်ဆင်ရေး၌ အကြီးမားဆုံးနှင့် ပမာဏအများဆုံး ရှင်းလင်း၊ ဖျက်ဆီး၊ ဖမ်းမိသည့် စစ်ဆင်ရေးဖြစ်သည့် အခြေအနေများ၊ စစ်ဆင်ရေးကို အောင်မြင်အောင် ခက်ခက်ခဲခဲဖြင့် တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား နိုင်ငံတော်အစိုးရနှင့် တပ်မတော်က ချီးကျူးလေးစား ဂုဏ်ယူအသိအမှတ်ပြုလျက်ရှိပြီး နိုင်ငံတော်ယာယီသမ္မတ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဦးဆောင်သည့် နိုင်ငံတော်အစိုးရအနေဖြင့်လည်း ဂုဏ်ပြုချီးမြှင့်ငွေများကို စစ်ဆင်ရေးနယ်မြေရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များထံသို့ လက်ရောက်ချီးမြှင့်သွားရန် လမ်းညွှန်မှာကြားခဲ့သည့် အခြေအနေများ။
ရှမ်းပြည်နယ် (မြောက်ပိုင်း) သီပေါမြို့နယ်နှင့် မိုင်းရယ်မြို့နယ်တို့၌ မူးယစ်ဆေးဝါးများနှင့် မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် ပစ္စည်းများနှင့် အွန်လိုင်းလိမ်လည် လောင်းကစားမှုပြုလုပ်ရာတွင် အသုံးပြုသည့်ပစ္စည်းများ ဖော်ထုတ်သိမ်းဆည်းရမိရေး ဆောင်ရွက်ခဲ့ရာတွင် နားလင်းကျေးရွာ၏ အနောက်မြောက်ဘက် ကိုးကီလိုမီတာခန့် အကွာ၌ အွန်လိုင်းလိမ်လည်လောင်းကစားမှု လုပ်ကိုင်သည့် နေရာ၊ ၎င်းနေရာ၏ အရှေ့ဘက် မီတာ ၈၀၀ ခန့်အကွာ၌ မူးယစ်ဆေးဝါး ချက်လုပ်သည့်နေရာ၊ မိုင်းရယ်မြို့၏ အရှေ့တောင်ဘက် ၂၆ ကီလိုမီတာခန့်အကွာ မန်ဖြတ်ကျေးရွာအနီး၌ မူးယစ်ဆေးဝါးချက်လုပ်သည့် ပထမနေရာ၊ မိုင်းရယ်မြို့၏ အနောက်တောင်ဘက် ကီလိုမီတာ ၂၀ ခန့်အကွာ၌ မူးယစ်ဆေးဝါးချက်လုပ်သည့် ဒုတိယနေရာ၊ ယင်းနေရာ၏ အနောက်တောင်ဘက် ၁၉ ကီလို မီတာခန့်အကွာ၌ မူးယစ်ဆေးဝါး အဓိကချက်လုပ်သည့် တတိယမြောက်နေရာစသည်ဖြင့် အဆင့်ဆင့် ဖော်ထုတ်ရရှိခဲ့သည့် အခြေအနေများ၊ ထိုကဲ့သို့ ဖော်ထုတ်ခဲ့ရာတွင် ၎င်းနေရာ အသီးသီးမှ အွန်လိုင်းလိမ်လည်လောင်းကစားကျူးလွန်ရာတွင် အသုံးပြုသည့် ယာယီတဲများ၊ ကွန်ပျူတာ များ၊ Star Link များ အပါအဝင် အခြားဆက်စပ်ပစ္စည်းများ၊ မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် ဓာတုဆေးရည်များနှင့် ဆက်စပ်ဓာတုပစ္စည်းများ၊ ဆေးပြားရိုက်စက်များ၊ မူးယစ်ဆေးဝါးများထုပ်ပိုးရာတွင် အသုံးပြုသည့် (Parking) စက်ပစ္စည်းများ၊ စက်ယန္တရားကြီးများနှင့် ဆက်စပ် စက်ပစ္စည်းများ၊ အဆောက်အအုံများကို ဖော်ထုတ်သိမ်းဆည်းရမိခဲ့သည့် အခြေအနေများနှင့် SSPP/SSA တံဆိပ်ပါယူနီဖောင်းများ၊ အဆင့်တံဆိပ်များ၊ ပခုံးတံဆိပ်များနှင့် ၎င်းတို့အဖွဲ့နှင့် ဆက်စပ်နေသည့်သူများ၊ မူးယစ်ဆေးဝါးချက်လုပ်ရာတွင် ပါဝင်ပတ်သက်နေသူများ၊ အွန်လိုင်းလိမ်လည် လောင်းကစားမှုကျူးလွန်ရာတွင် ပါဝင်ပတ်သက်နေသူများကို ဖမ်းဆီးရမိခဲ့သည့် အခြေအနေများ။
အဆိုပါ သိမ်းဆည်းရမိသည့် မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသော ပစ္စည်းများကို ပညာရှင်များပါဝင်သည့် ပူးပေါင်းအဖွဲ့များဖြင့် ပဏာမစစ်ဆေးမှု ပြုလုပ်သောအခါ ဘိန်းဖြူ (Heroin) နှင့် မက်သ်အဖက်တမင်း (Methamphetamine) များ ထုတ်လုပ်နေခြင်း ဖြစ်ကြောင်းကို ကနဦးဖော်ထုတ်တွေ့ရှိရသည့် အခြေအနေများ၊ အထက်တွင်ပြောကြားခဲ့သည့် ဒုတိယနေရာမှ လက်ရှိသိမ်းဆည်းရမိသည့် ဓာတုပစ္စည်းများအပေါ် ခန့်မှန်းတွက်ချက်မှုအရ အိုက်စ် ၂၇ တန် ခန့် (တန်ဖိုးငွေကျပ် ၅၄၀ ဘီလီယံ) ထုတ်လုပ်နိုင်ပြီး စိတ်ကြွဆေးပြားအဖြစ် ပြောင်းလဲထုတ်လုပ်မည်ဆိုပါက စိတ်ကြွဆေးပြား သန်း ၈၁၀ ခန့် ထုတ်လုပ်နိုင်မည်ဖြစ်ပြီး အကယ်၍ ယင်းစိတ်ကြွဆေးပြားများ ဈေးကွက်အတွင်းသို့ရောက်ရှိ သွားမည်ဆိုပါက ငွေကျပ် ၁၆၂၀ ဘီလီယံခန့် တန်ဖိုးရှိသည့် မူးယစ်ဆေးဝါးများ ပျံ့နှံ့သွားမည်ဖြစ်သည့် အခြေအနေများ၊ ယင်းနေရာတွင် ဖမ်းဆီးရမိထားသည့် မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် ပစ္စည်းကိရိယာများအား လေ့လာဖော်ထုတ် သုံးသပ်ချက်အရ အိုက်စ် ၂၇ တန် (သို့မဟုတ်) စိတ်ကြွဆေးပြား သန်း ၈၁၀ ခန့်ထက် ပိုမိုများပြားသည့် မူးယစ်ဆေးဝါးများကို ပုံမှန်ထုတ်လုပ်နေခြင်းဖြစ်သည်ကို စိစစ်တွေ့ရှိရသည့် အခြေအနေများ၊ မြန်မာနိုင်ငံအတွင်း ယခင်က ဖမ်းဆီးရမိခဲ့သည့် မူးယစ်ဆေးဝါးများ၏ ထုပ်ပိုးမှု (Parking) ပုံစံများသည် ယခုတွေ့ရှိရသော စက်ကိရိယာများဖြင့် ထုတ်လုပ်ထားသည့် မူးယစ်ဆေးဝါးထုပ်ပိုးမှု (Parking) ပုံစံများအတိုင်း ထပ်တူကျနေသည်ကို တွေ့ရှိရသည့် အခြေအနေများ၊ ဖော်ထုတ်ဖမ်းဆီးရမိသည့် GUAN YIN WANG စာတန်းပါ မူးယစ်ဆေးဝါးထုပ်ပိုးသည့် ထုပ်ပိုးခွံများနှင့် တရုတ်စာတန်းပါရှိသည့် ထုပ်ပိုးခွံများအပေါ် အခြေခံ၍ စိစစ်ချက်များအရ ဖမ်းဆီးရမိခဲ့သည့် နေရာနှစ်ခုမှ ထုတ်လုပ်ဖြန့်ဖြူးခဲ့သည့် ပမာဏသည် ၂၀၂၅ ခုနှစ်အတွင်း တစ်နိုင်ငံလုံးတွင် ဖမ်းဆီးရမိခဲ့သည့် အိုက်စ်ပမာဏ၏ ၃၃ ဒသမ ၄၄ ရာခိုင်နှုန်းခန့်ရှိကြောင်းကို ဖော်ထုတ်တွေ့ရှိရသည့် အခြေအနေများ၊ လက်နက်ကိုင်အကြမ်းဖက်သမားများအနေဖြင့် မူးယစ်ဆေးဝါးထုတ်လုပ် သယ်ယူပို့ဆောင်ခြင်းများကို ၎င်းတို့၏ ဝင်ငွေရလမ်းကြောင်းအဖြစ် အဓိကလုပ်ဆောင်လျက်ရှိပြီး ပင်လယ်ဘက်ထွက်ပေါက်လမ်းကြောင်းကို AA အဖွဲ့မှလည်းကောင်း၊ ထိုင်းနိုင်ငံဘက်သို့ KNU၊ KNLA ၊ PDF အဖွဲ့များမှလည်းကောင်း၊ အိန္ဒိယနိုင်ငံဘက်သို့ PDF ၊ CNF အဖွဲ့များကလည်းကောင်း အသီးသီး လုပ်ဆောင်နေကြသည်ကို တွေ့ရှိရသည့် အခြေအနေများ။
မူးယစ်ဆေးဝါးလုပ်ငန်းများသည် မြန်မာနိုင်ငံအတွက်သာမက ဒေသတွင်းနိုင်ငံများ အတွက်ပါ အန္တရာယ်သဖွယ် ဖြစ်ပေါ်လျက်ရှိသဖြင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းများကို ကုလသမဂ္ဂအပါအဝင် အိမ်နီးချင်းနိုင်ငံများ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ မဲခေါင် ဒေသတွင်း နိုင်ငံများ၊ ဘင်းမ်စတက် အဖွဲ့ဝင်နိုင်ငံများ၊ နိုင်ငံတကာ မူးယစ်ဆေးဝါးထိန်းချုပ်ရေးဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ မူးယစ်ဆေးဝါးပပျောက်ရေးကို နိုင်ငံတိုင်းကလည်း အမျိုးသားရေးတာဝန်အဖြစ် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ဘက်ပေါင်းစုံမှ ကြိုးပမ်းဆောင်ရွက်မှသာ ပိုမိုအောင်မြင်မည်ဖြစ်ပြီး မြန်မာနိုင်ငံ၏ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး လုပ်ငန်းများတွင် နိုင်ငံတကာမှ ပူးပေါင်းပါဝင်ကူညီ ဆောင်ရွက်ပေးကြမည်ဆိုပါက ယခုထက်ပိုမို၍ လျင်လျင်မြန်မြန်ဖြင့် အောင်မြင်နိုင်မည်ဖြစ်သည့် အခြေအနေများ။
မြန်မာနိုင်ငံ အစိုးရအနေဖြင့် နိုင်ငံတော်၏ ဂုဏ်သိက္ခာကို ထိခိုက်စေပြီး တစ်မျိုးသားလုံးကို လူညွန့်တုံးစေနိုင်သည့် မူးယစ်ဆေးဝါး ထုတ်လုပ်သယ်ဆောင် ရောင်းချသည့်လုပ်ငန်းများနှင့် အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ငန်းများကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ခံယူပြီး အမြစ်ပြတ်တိုက်ဖျက်ရေးလုပ်ငန်းများကို အင်တိုက်အားတိုက် ထိထိရောက်ရောက် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့် ယခုဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးဖြစ်စဉ်များတွင် အဓိကပါဝင်ပတ်သက်လျက်ရှိသည့် မည်သည့်အဖွဲ့အစည်းကိုမဆို ထိရောက်ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမည် ဖြစ်သည့် အခြေအနေများ၊ မူးယစ်ဆေးဝါးထုတ်လုပ် သယ်ဆောင်ရောင်းချသည့် လုပ်ငန်းများနှင့် အွန်လိုင်းလိမ်လည်လောင်းကစားမှု လုပ်ငန်းများသည် မြန်မာနိုင်ငံသူနိုင်ငံသားများအတွက် အကျိုးယုတ်စေမည့် လုပ်ငန်းများဖြစ်သကဲ့သို့ ဒေသတွင်း နိုင်ငံများကိုပါ အန္တရာယ်ကျရောက်စေမည့် လုပ်ငန်းများဖြစ်သည့်အတွက် ပြည်သူအားလုံးက ဝိုင်းဝန်းဆန့်ကျင်ကြရန်နှင့် ရရှိလာသော သတင်းအချက်အလက်များကို တာဝန်ရှိသူများထံ အချိန်မီပေးပို့ကြရန် တိုက်တွန်းလိုကြောင်း အကျယ်တဝင့် ရှင်းလင်းပြောကြားသည်။
အခမ်းအနားအပြီးတွင် တက်ရောက်လာကြသူများက မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ ဖမ်းဆီးရမိပစ္စည်းများနှင့် မှတ်တမ်းဓာတ်ပုံများကို လှည့်လည်ကြည့်ရှု လေ့လာခဲ့ကြသည်။
ထို့နောက် ကော်မရှင်အဖွဲ့ဝင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ အဖွဲ့ခေါင်းဆောင် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်လာကြသည့် သံတမန်များနှင့် ပြည်တွင်း၊ ပြည်ပမှ မီဒီယာအဖွဲ့များနှင့်အတူ ရှမ်းပြည်နယ် (မြောက်ပိုင်း) မိုင်းရယ်မြို့၏ အရှေ့တောင်ဘက် ၂၆ ကီလိုမီတာအကွာ မန်ဖြတ်ကျေးရွာအနီးရှိ မူးယစ်ဆေးဝါးချက်လုပ်သည့်နေရာသို့ ရဟတ်ယာဉ်များဖြင့် ရောက်ရှိကြပြီး မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုခဲ့သည့် ယာယီအဆောက်အအုံများ၊ ဓာတုပစ္စည်းများ၊ မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသော ဆက်စပ်ပစ္စည်းများကို နေရာတစ်ခုချင်းစီအလိုက် လိုက်လံရှင်းလင်းပြသခဲ့ကာ သိရှိလိုသည့် မေးမြန်းမှုများအပေါ် တာဝန်ရှိသူများနှင့် ဖော်ထုတ်သိမ်းပိုက်ရာ တွင်ပါဝင်ခဲ့ကြသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြသည်။
ဆက်လက်၍ ကော်မရှင်အဖွဲ့ဝင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ အဖွဲ့ခေါင်းဆောင် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများ၊ သံတမန်များ၊ သတင်းမီဒီယာအဖွဲ့များသည် ယင်းနေရာ၏ အနောက်တောင်ဘက် ၁၉ ကီလိုမီတာခန့်အကွာ၌ မူးယစ်ဆေးဝါး အဓိကချက်လုပ်သည့်နေရာသို့ ရောက်ရှိကြရာ ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသော ဓာတုပစ္စည်းများ၊ ဆက်စပ်ပစ္စည်း များနှင့်ပတ်သက်၍ မြန်မာနိုင်ငံ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ တပ်ဖွဲ့မှူး ရဲမှူးချုပ်သန့်လွင်မောင်နှင့် တာဝန်ရှိသူများက ရှင်းလင်းပြောကြားပြီး သိရှိလိုသည့် မေးမြန်းမှုများကို ပြန်လည်ဖြေကြားသည်။
ယင်းနောက် လူသားမျိုးနွယ်ကို လူညွန့်တုံးစေနိုင်သည့် မူးယစ်ဆေးဝါးများ ချက်လုပ်ခဲ့သည့် နေရာများအား ဖမ်းဆီးရမိရေး အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် စွမ်းစွမ်းတမံ ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့သည့် တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအား နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပေးအပ်ချီးမြှင့်သည့် ငွေကျပ်သိန်း ၁၀၀၀ အား ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုယ်စား ကော်မရှင်အဖွဲ့ဝင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ အဖွဲ့ခေါင်းဆောင် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းတို့က ပေးအပ်ရာ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်အေးမင်းဦးနှင့် ဒုရဲချုပ် ရဲဗိုလ်ချုပ်ဝင်းဗိုလ်တို့ က လက်ခံရယူကြသည်။
ထို့နောက် မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုခဲ့သည့် ယာယီအဆောက်အအုံများ၊ ဓာတုပစ္စည်းများ၊ မူးယစ်ဆေးဝါး ချက်လုပ်ရာတွင် အသုံးပြုသော ဆက်စပ်ပစ္စည်းများကို နေရာတစ်ခုချင်းစီအလိုက် လိုက်လံရှင်းလင်းပြသခဲ့ကာ သိရှိလိုသည့် မေးမြန်းမှုများအပေါ် တာဝန်ရှိသူများနှင့် ဖော်ထုတ်သိမ်းပိုက်ရာတွင် ပါဝင်ခဲ့ကြသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြသည်။
ဆက်လက်ပြီး ကော်မရှင်အဖွဲ့ဝင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ အဖွဲ့ခေါင်းဆောင် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများ၊ သံတမန်များ၊ သတင်းမီဒီယာ အဖွဲ့များသည် မိုင်းရယ်မြို့၏ အနောက်တောင်ဘက် ၂၀ ကီလိုမီတာခန့်အကွာ၌ မူးယစ်ဆေးဝါးချက်လုပ်သည့် နေရာအားရဟတ်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှုခဲ့ကြပြီး ပြန်လည်ထွက်ခွာခဲ့ကြသည်။
ယနေ့တွင် မြေပြင်ကွင်းဆင်းသွားရောက်ခဲ့သည့် မူးယစ်ဆေးဝါး ထုတ်လုပ်သည့်နေရာများကို ဖော်ထုတ်သိမ်းပိုက်ခဲ့ရာတွင် ပါဝင်ခဲ့ကြသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များက သတင်းမီဒီယာများ၏ မေးမြန်းမှုများအပေါ် ဖြေကြားမှုများကိုလည်း ယခုလိုပဲ ကြားသိရပါတယ် -
ရဲတပ်ဖွဲ့ဝင်
ကျွန်တော်တို့ ၈ ရက်နေ့မှာ မိုင်းဖြတ်ကိုရောက်ပါတယ်။ ၉ ရက်နေ့ မိုင်းဖြတ်မှာ ရဲရော၊ တပ်ရော၊ ကွန်မန်ဒိုအဖွဲ့ရော သေချာစုဖွဲ့ပြီးတော့ ချီတက်ခဲ့ကြပါတယ်။ ဒီဘက်ကိုလာဖို့ နှစ်ရက်ကြာပါတယ်။ ချောင်းတွေလည်းဖြတ်ခဲ့ရပါတယ်။ ချောင်းအကျယ် ပေ ၂၀၊ အနက် ရှစ်ပေခန့်ရှိတဲ့ ချောင်းကို အန္တရာယ်မဖြစ်အောင်လို့ ကူးခဲ့ပါတယ်။ ကျွန်တော်တို့ ဒီကြားထဲမှာ တရားခံတွေလည်းမိပါတယ်။ နောက်ပြီးတော့ ယူနီဖောင်းတွေလည်း မိပါတယ်။ ဒီအဆောက်အအုံ တွေလည်း အပျက်အစီးမရှိ အကောင်းပကတိ အတိုင်း ရခဲ့ပါတယ်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ လုပ်ငန်းစဉ်အတိုင်း ပြည်ထဲရေးဝန်ကြီးရဲ့ လမ်းညွှန်ချက်၊ ရဲချုပ်ကြီးတို့ရဲ့ လမ်းညွှန်ချက်နဲ့အညီ အနီးကပ်ကွပ်ကဲမှု ညွှန်ကြားပေးတဲ့ တာဝန်ရှိသူတွေရဲ့ ကွပ်ကဲမှုတွေနဲ့အညီ ကျွန်တော်တို့ ဆောင်ရွက်ခဲ့ပါတယ်၊၊ မူးယစ်ဆေးဝါး ပပျောက်ရေးအတွက် တပ်မတော်နဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး ဆက်လက်တိုက်ဖျက်သွားမှာ ဖြစ်ပါတယ်။
တပ်မတော်သား
ကျွန်တော်တို့ကတော့ ၉ ရက် နေ့ကစပြီး မိုင်းဖြတ်ကစချီတက်ခဲ့ပါတယ်။ အဓိကအကြောင်းအရင်းက မူးယစ်ဆေးဝါးနှိမ်နင်းမှုအတွက် ကျွန်တော်တို့ကို အထက်ဌာနက အမိန့်ပေးတဲ့အတွက် ကျွန်တော်တို့က မြေပုံမြေပြင်ကြည့်ပြီးတော့ ချီတက်ခဲ့ပါတယ်၊၊ တိုက်ပွဲကအကြမ်းအားဖြင့် ခဏတာနည်းနည်းပါးပါးပဲ ဖြစ်တာပါ။ ဖမ်းဆီးရမိမှုကတော့ စတင်ချီတက်တဲ့အချိန်မှာ တစ်ဦးပါခင်ဗျ။ အမျိုးသားတစ်ဦး အသက် (၃၇) လောက်ရှိပါတယ်။ နောက်ထပ် ဒီကိုရောက်ပြီးတော့ ရှင်းလင်းတဲ့အချိန်မှာ အမျိုးသားခြောက်ဦး စုစုပေါင်း ခုနစ်ဦး ဖမ်းဆီးရမိခဲ့ပါတယ်။ ဒီမှာ အကြမ်းအားဖြင့် ကျွန်တော်တို့ဝင်လာတဲ့ အချိန်မှာ သူတို့မျှော်မှန်းထားတဲ့ နေရာမဟုတ်တဲ့ ကျွန်တော်တို့က ခက်ခက်ခဲခဲဖြစ်တဲ့ တောင်ကြောပေါ်ကိုတက်ခဲ့တယ်။ ဒီနားမှာရှိတဲ့ ချောင်းက တော်တော်လေးနက်ပြီး ရေစီးလည်းသန်ပါတယ်။ အဲဒီ ချောင်းကိုဖြတ်ပြီး ခက်ခက်ခဲခဲနဲ့ တပ်စစ်ကြောင်းနဲ့ ရဲကွန်မန်ဒိုစစ်ကြောင်း နှစ်ကြောင်းပေါင်းပြီး ကူးလို့ရှိရင် အချိန်ကြာမြင့်မှာစိုးသည့်အတွက် ကျွန်တော်ကရဲမှူးကို အကြံပြုပြီး စစ်ကြောင်း နှစ်ကြောင်းခွဲပြီး ချောင်းကိုဖြတ်ပါတယ်။ မနက် ၇ နာရီမှာ ကျွန်တော်တို့ အလုံးအရင်းနဲ့ ဝင်လုံးပါတယ်။ အဲဒီအချိန်မှာ ကစဉ့်ကလျားနဲ့ ထွက်ပြေးကြပါတယ်။
သတင်းစဉ်


