နေပြည်တော် ၁၄ မေ
မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့အစည်းအဝေး(၁/၂၀၁၉)ကို ယနေ့မွန်းလွဲ ၁ နာရီခွဲက နေပြည်တော်ရှိ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး စုစည်းခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ မူးယစ်ဗဟိုအဖွဲ့ဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ အတွင်းရေးမှူး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲချုပ် ဒုတိယ ရဲဗိုလ်ချုပ်ကြီး အောင်ဝင်းဦး၊ တွဲဖက်အတွင်းရေးမှူးမူး ယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့တပ်ဖွဲ့မှူးရဲမှူးချုပ် ဝင်းနိုင်၊ မူးယစ်ဗဟိုအဖွဲ့အဖွဲ့ဝင်များ၊ လုပ်ငန်းအဖွဲ့များမှ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများ၊ တိုင်းဒေသကြီး/ ပြည်နယ် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲအရာရှိကြီးများ၊ UNODC၊ DEA၊ONCB၊ NNCC၊ AFP မှ ကိုယ်စားလှယ်များနှင့် NGO မှဖိတ်ကြားထားသည့် ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
အစည်းအဝေးတွင် မူးယစ်ဗဟိုအဖွဲ့ဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံ မူးယစ်ဆေးဝါးထိန်းချုပ်ရေး မူဝါဒသစ်အား ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်တွင် အမျိုးသားမူးယစ်ဆေးဝါး ထိန်းချုပ်ရေးမူဝါဒအား ထုတ်ပြန်ကြေညာခဲ့ပြီး မဟာဗျူဟာစီမံချက် (National Strategic Plan) ရေးဆွဲကာ ၂၀၁၉ ခုနှစ်မှ ၂၀၂၃ ခုနှစ် အထိ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ၁၉၉၃ ခုနှစ် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေကို ၂၀၁၈ ခုနှစ်၊ ဖေဖေါ်ဝါရီ ၁၄ ရက်တွင် ပြင်ဆင်ထုတ်ပြန်ခဲ့ပြီး ဖြစ်ပါကြောင်း၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး စစ်ဆင်ရေးများကို (၂၄)ကြိမ် ဆောင်ရွက်ခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် မူးယစ်အမှုပေါင်း ၁၃၀၃၇ မှု၊ တရားခံပေါင်း ၁၈၆၈၁ ဦး ဖမ်းဆီးနိုင်ခဲ့ကြောင်း၊
နိုင်ငံတော်သမ္မတရုံးတွင် ၂၀၁၈ ခုနှစ် ဇွန် ၂၂ ရက်မှစတင်၍ မူးယစ်ဆေးဝါး အထူးသတင်းတိုင်ကြားရေးဌာနကို ဖွင့်လှစ်၍ ဖော်ထုတ်ဖမ်းဆီးအရေးယူမှုများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံအနေနဲ့ ဘိန်းစိုက်ပျိုးမှုမှာ ၂၀၁၈ ခုနှစ်မှာလည်း ဟက်တာ ၃၇၃၀ဝ သာရှိခဲ့သဖြင့် ၂၀၁၇ ခုနှစ်ထက် ၉ ဒသမ ၁ ရာခိုင်နှုန်း လျော့ကျခဲ့ကြောင်း၊ အမျိုးသား မူးယစ်ဆေးဝါး ထိန်းချုပ်ရေး မဟာဗျူဟာစီမံချက်အရ ဒေသအခြေအနေနှင့် ကိုက်ညီသည့် လုပ်ငန်းစီမံချက် (Action Plan) တစ်ခုကို ၂ နှစ်ကာလ သတ်မှတ်ပြီး တိုင်းဒေသကြီး/ ပြည်နယ် အလိုက်ရေးဆွဲကာ ဆောင်ရွက်မှာဖြစ်တဲ့အတွက် တက်ရောက်လာတဲ့ ကိုယ်စားလှယ်များမှ အကြံဉာဏ်ကောင်းများနဲ့ နည်းလမ်းများကို တင်ပြပေးစေလိုကြောင်း ပြောကြားသွားသည်။
ဆက်လက်၍ မူးယစ်ဗဟိုအဖွဲ့အတွင်းရေးမှူးမှ မူးယစ်ဆေးဝါးထိန်းချုပ်ရေး ကြိုးပမ်းချက်အပေါ် သုံးသပ်တင်ပြခြင်း၊ တွဲဖက်အတွင်းရေးမှူးမှ မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေး ကြိုးပမ်းဆောင်ရွက်ချက်များအပေါ် သုံးသပ်တင်ပြခြင်း၊ တက်ရောက်လာသူများမှ မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေး လုပ်ငန်းဆောင်ရွက်ချက်များနှင့် ပတ်သက်၍ လိုအပ်ချက်/အကြံပြုချက်များ၊ ဆက်လက်ဆောင်ရွက်မည့် အစီအမံများအား တင်ပြခြင်း၊ အမျိုးသားမူးယစ်ဆေးဝါးထိန်းချုပ်ရေး မဟာဗျူဟာစီမံချက်(မူကြမ်း) ပေါ်ထွက်လာမှု အခြေအနေများအား ရှင်းလင်းတင်ပြခြင်းများ ဆောင်ရွက်ပြီး မူးယစ်ဗဟိုအဖွဲ့ဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)