အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အခမ်းအနားတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ်အတားဆီးကာကွယ်ရေးဗဟိုအဖွဲ့ ဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေထံမှ ပေးပို့သည့် သဝဏ်လွှာ

 

(၂၀၁၉ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့)

 

ယနေ့သည် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ဖြစ်သည်နှင့်အညီ ကမ္ဘာတစ်ဝန်းလုံးရှိ နိုင်ငံအသီးသီးတွင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့ အခမ်းအနားကို ကျင်းပလျက်ရှိရာ ယနေ့ ၂၀၁၉ ခုနှစ်မှာဆိုလျှင် (၃၂)ကြိမ်ရှိပြီ ဖြစ်ပါသည်။ နိုင်ငံသူ/ နိုင်ငံသားများအားလုံး အနေဖြင့် မူးယစ်ဆေးဝါး၏ ခြိမ်းခြောက်မှုမှ ကင်းဝေးကြပါစေကြောင်း ဦးစွာ ဆုမွန်ကောင်း တောင်းလိုက်ပါသည်။

မူးယစ်ဆေးဝါးပြဿနာသည် က္ဘာ့နိုင်ငံများတွင်ရှိသည့် လူသားများ၏ ကျန်းမာရေး၊ လူမှုစီးပွားရေးတို့ကို ခြိမ်းခြောက်လျက်ရှိပြီး နိုင်ငံဖြတ်ကျော်မှုခင်း များကိုဖြစ်ပေါ်စေသကဲ့သို့ အကြမ်းဖက်တိုက်ခိုက်မှုများ၊ လက်နက်စွဲကိုင်တော်လှန် မှုများနှင့် လက်နက်ကိုင်သောင်းကျန်းမှုများသည် မူးယစ်ဆေးဝါးမှ ရရှိသည့် ငွေကြေး များကို အသုံးပြု၍ ဆောင်ရွက်နေလျက်ရှိသဖြင့် နယ်မြေတည်ငြိမ်ရေးနှင့် တရား ဥပဒေစိုးမိုးရေးကို လှိုက်စားလာကြောင်း တွေ့ရှိရပါသည်။

ကမ္ဘာ့လူဦးရေ၏ ၅.၆% ဖြစ်သည့် လူဦးရေ ၂၇၅ သန်းသည် တစ်နှစ်အတွင်း မူးယစ်ဆေးဝါး အနည်းဆုံး တစ်ကြိမ် သုံးစွဲဖူးသူများ ဖြစ်ပါသည်။ ထိုသူများထဲမှ လူဦးရေ ၃၁ သန်းသည် မူးယစ်ဆေးစွဲနေသဖြင့် ဆေးကုသရန် လိုအပ်နေကြသူများ ဖြစ်ကြပါသည်။ သို့ဖြစ်၍ တရားစီရင်မှု၊ အကျဉ်းထောင်များ၊ ဆေးကုသရေးနှင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများတွင် ငွေကြေးကုန်ကျမှု များပြားလျက်ရှိပါသည်။ လူငယ်ထုအတွင်း မူးယစ်ဆေးဝါးသုံးစွဲမှုများကြောင့် မိသားစုတွင် စီးပွားရေး၊ လူမှုရေး အခက်အခဲများ ဖြစ်ပေါ်စေပြီး နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်လာနိုင်ပါသည်။

 

ပြည်သူလူထုတစ်ရပ်လုံး ပူးပေါင်းပါဝင်နိုင်ရန်

 

မူးယစ်ဆေးဝါးပြဿနာကို ဖြေရှင်းရာတွင် ကြိုတင်ကာကွယ်ရေးသည် အဓိကကျသည့် အချက်တစ်ချက် ဖြစ်ပါသည်။ မူးယစ်ဆေးဝါးများ အန္တရာယ် အသိပညာပေးရန်နှင့် လိုက်နာကျင့်သုံးရန် ကလေးအရွယ်မှ အစပြု၍ ကျောင်းနေအရွယ် မူလတန်း၊ အလယ်တန်း၊ အထက်တန်း၊ တက္ကသိုလ်ပညာသင်ကြားနေသည့် အရွယ်အထိ ဆောင်ရွက်သွားရမည် ဖြစ်ပါသည်။ သို့ဖြစ်၍ ပြည်သူလူထုအတွင်း မူးယစ်ဆေးဝါး အန္တရာယ် အသိပညာ ဗဟုသုတများ ပိုမိုကျယ်ပြန့်လာစေရန် ၁၉၉၈ ခုနှစ်မှ စတင်ပြီး အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အတွက် ဝတ္ထုတို၊ ဆောင်းပါး၊ ကဗျာ၊ တေးသီချင်း၊ ဓာတ်ပုံ၊ ကွန်ပျူတာ ပိုစတာ၊ ဆောင်ပုဒ်အလွတ်တန်းပြိုင်ပွဲများနှင့် ကျောင်းသား/ကျောင်းသူများ ပါဝင်ယှဉ်ပြိုင်နိုင်ရန် မူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့် ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲများနှင့် ကွန်ပျူတာပန်းချီပြိုင်ပွဲများကို ပြည်သူလူထုတစ်ရပ်လုံး ပူးပေါင်းပါဝင်နိုင်ရန်အတွက် နှစ်စဉ်ကျင်းပခဲ့ပါသည်။ ဆုရရှိသည့် ပြည်သူလူထုနှင့် ကျောင်းသူ/ ကျောင်းသားများကို တိုင်းဒေသကြီး၊ ပြည်နယ်များတွင် တစ်ချိန်တည်း ဆုချီးမြှင့်နေသကဲ့သို့ ဗဟိုအဆင့် ပထမဆုရရှိသူများကိုလည်း နိုင်ငံတော်အကြီး အကဲများကိုယ်တိုင် ဆုချီးမြှင့်ခြင်း အခမ်းအနားများကို ကျင်းပပေးလျက် ရှိပါသည်။

မြန်မာနိုင်ငံ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ် တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့ကို ၁၉၇၆ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့ပြီး သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ အဖွဲ့ဝင်များပါဝင်သည့် အဖွဲ့ဝင် ၁၆ ဦးနှင့် ဖွဲ့စည်း ဆောင်ရွက်လျက်ရှိပါသည်။ မူးယစ်ဗဟိုအဖွဲ့အောက်တွင် လုပ်ငန်းအဖွဲ့ ၁၀ ဖွဲ့ ဖွဲ့စည်းပြီး တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်/ကျေးရွာအဆင့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ် တားဆီးကာကွယ်ရေး အဖွဲ့များကိုလည်း ဖွဲ့စည်းလျက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိ ပါသည်။

 

မူးယစ်ဆေးဝါး အထူးသတင်းပေးတိုင်ကြားရေးဌာန ဖွဲ့စည်းထား

 

မူးယစ်ဆေးဝါးအလွဲသုံးမှုများကို ကြိုတင်ကာကွယ်ခြင်းနှင့် ကုသခြင်းများ ဆောင်ရွက်နေသကဲ့သို့ မူးယစ်ဆေးဝါး ထုတ်လုပ်သယ်ဆောင် ရောင်းဝယ်ခြင်းများကိုလည်း တိုက်ဖျက်သွားရမည် ဖြစ်ပါသည်။ တားဆီးနှိမ်နင်းရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံတော်သမ္မတ၏ ကြပ်မတ် လမ်းညွှန်ချက်နှင့်အညီ မူးယစ်ဆေးဝါး အထူးသတင်းပေးတိုင်ကြားရေးဌာနကို နိုင်ငံတော်သမ္မတရုံး၌ ၂၀၁၈ ခုနှစ်၊ ဇွန်လ ၂၂ ရက်နေ့တွင် စတင်ဖွဲ့စည်းထားရှိပြီး ပြည်သူလူထုထံမှ ပေးပို့တိုင်ကြားလာသည့် တိုင်ကြားစာ သတင်းအချက်အလက်များကို စနစ်တကျ လက်ခံဖော်ထုတ် ဖမ်းဆီးခဲ့သည့်အတွက် ဘိန်းဖြူအပါအဝင် အခြားမူးယစ်ဆေးဝါး အမြောက်အမြားကို ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ပါသည်။ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့အနေဖြင့် အထူးစစ်ဆင်ရေးများကို မူးယစ်ဆေးဝါး ဖြစ်ပွားမှုများပြားသည့် နယ်မြေများအလိုက် ဆောင်ရွက်ခဲ့ရာ ယနေ့အထိ အထူးစစ်ဆင်ရေး ၂၅ ခု ဆောင်ရွက်နိုင်ခဲ့ပြီး ဖြစ်ပါသည်။ တပ်မတော်၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များ၏ ကြိုးပမ်းဆောင်ရွက်မှုများကြောင့် ဘိန်းဖြူအပါအဝင် အခြားမူးယစ်ဆေးဝါး အမြောက်အမြား ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့မှုများကိုလည်း ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ၁၈ ရက်မှစ၍ အပတ်စဉ်ထုတ်ပြန် ကြေညာပေးလျက်ရှိတာကိုလည်း တွေ့ရှိရပါသည်။ တားဆီးနှိမ်နင်းရေးလုပ်ငန်းများ စွမ်းအားမြှင့်ဆောင်ရွက်နိုင်ရန် နိုင်ငံတော်၏ ခွင့်ပြုရန်ပုံငွေဖြင့် နည်းပညာမြင့် ခေတ်မီရှာဖွေရေးစက်ကိရိယာများကိုလည်း ပံ့ပိုးဖြည့်ဆည်းပေးခဲ့သည့်အတွက် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးလုပ်ငန်းများအား ယခင်ထက်ပိုမို၍ ထိထိ ရောက်ရောက်ဆောင်ရွက်လာနိုင်ပြီး အောင်မြင်မှုများရရှိလာသည်ကို တွေ့ရှိရမည် ဖြစ်ပါသည်။

မြန်မာနိုင်ငံအနေနှင့် တရားမဝင်ဘိန်းစိုက်ပျိုးမှု စစ်တမ်းများအရ ၂၀၁၇ ခုနှစ် မှာ ဘိန်းစိုက်ပျိုးမှု ဟက်တာ ၄၁၀ဝဝ နှင့် ထုတ်လုပ်မှု ၅၅၀ မက်ထရစ်တန်ဖြစ်ပြီး ၂၀၁၈ ခုနှစ်မှာ ဟက်တာ ၃၇၃၀ဝ နှင့် ထုတ်လုပ်မှု ၅၂၀ မက်ထရစ်တန် ရှိခြင်းကြောင့် ယခုနှစ် ဘိန်းစိုက်ပျိုးမှုမှာ ၉.၁ ရာခိုင်နှုန်းနှင့် ထုတ်လုပ်မှု ၅.၄၅ ရာခိုင်နှုန်း လျော့နည်းခဲ့ကြောင်း တွေ့ရှိခဲ့ပါသည်။

 

မူးယစ်ကင်းစင်သည့်နိုင်ငံကို တည်ဆောက်နိုင်မည်

 

ဘိန်းစိုက်ပျိုးမှု လျော့ကျခဲ့သော်လည်း တစ်ဖက်တွင် မူးယစ်ဆေးဝါးထုတ်လုပ်မှုနှင့် ဖမ်းဆီးရမိမှုများသည် တစ်နှစ်ထက်တစ်နှစ် မြင့်မားလာလျက်ရှိသည်ကိုလည်း တွေ့မြင်ရပါသည်။ မူးယစ်ဆေးဝါးများကို ဘိန်းမှထုတ်လုပ်ခြင်းထက် စိတ်ပြောင်း ဆေးဝါးအဖြစ် ဓာတုပစ္စည်းများကို အခြေခံသည့်ထုတ်လုပ်မှုများ မြင့်တက်လာသည်နှင့်အမျှ ၎င်းဆေးဝါးများကို သုံးစွဲမှုများပြားလာခြင်းနှင့် ဈေးကွက်ဝယ်လိုအားမှာလည်း ကျဆင်းသွားခြင်းမရှိသည်ကို နှိုင်းယှဉ်သုံးသပ်ပြီး ပြည်သူလူထုတစ်ရပ်လုံးမှ အသိရှိရှိသတိရှိရှိဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးရန် အရေးကြီးပါသည်။ သို့မှသာ နိုင်ငံတော်အစိုးရမှ မျှော်မှန်းထားသော မူးယစ်ကင်းစင်သည့် နိုင်ငံကို တည်ဆောက်နိုင်မည် ဖြစ်ပါသည်။

ဘိန်းစိုက်တောင်သူများ၏ လူနေမှုဘဝမြင့်မားစေရေးအတွက် နိုင်ငံတော်အစိုးရမှ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး နည်းပညာအကူအညီများ ရယူလျက် ဘိန်းစိုက်ပျိုးသည့် ဒေသများတွင် အစားထိုးဖွံ့ ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိပြီး အစားထိုးဖွံ့ ဖြိုးရေးလုပ်ငန်းများမှ ထွက်ရှိလာသော ကော်ဖီများကို ပြင်သစ်နိုင်ငံ၊ မလောင်ဂိုး(Malongo) ကုမ္ပဏီနှင့် သဘောတူညီချက်လက်မှတ် ရေးထိုး၍ ဥရောပနိုင်ငံများသို့ တင်ပို့နိုင်ရေး ဈေးကွက်ရရှိရန် ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။

ဘိန်းစိုက်ပျိုးသည့်ဒေသများမှ စီမံကိန်းမြို့နယ်များတွင် အသက်မွေးဝမ်းကျောင်းဆိုင်ရာ မွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်နိုင်ရန်အတွက် ထောက်ပံ့ခြင်း၊ တိရစ္ဆာန် ကျန်းမာရေး ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ မွေးမြူရေးဆိုင်ရာ ပညာပေးဟောပြောပွဲများနှင့် သင်တန်းများ ဖွင့်လှစ်ဆောင်ရွက်ပေးခြင်း၊ တိရစ္ဆာန် ကူးစက်ရောဂါများ ကာကွယ်ခြင်းနှင့် ကုသခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးခြင်း၊ ပျားမွေးမြူရေး လုပ်ငန်းများနှင့် ပျားဖြင့် ဝတ်မှုန်ကူးဝန်ဆောင်မှုများ ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။ ဘိန်းစိုက်တောင်သူများအတွက် အခြေခံဝန်ဆောင်မှုများ အစားထိုးဖွံ့ ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းဖြင့် တရားမဝင်ဘိန်းစိုက်ပျိုးမှုကို တစ်စတစ်စ လျှော့ချသွားရမည် ဖြစ်ပါသည်။

ကျောင်းသားလူငယ်များ အသိပညာပေးရေးအနေဖြင့် အခြေခံပညာသင်ရိုး ညွှန်းတမ်းများတွင် မူးယစ်ဆေးသုံးစွဲမှုမှ ကြိုတင်ကာကွယ်ရေးအတွက် ဘဝတွက်တာ ကျွမ်းကျင်စရာ ဘာသာရပ်များကို သင်ကြားပေးလျက်ရှိပြီး ပညာပေးလုပ်ငန်းများ ကိုလည်း စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပါသည်။

မူးယစ်ဆေးဝါးသုံးစွဲမှု လျော့နည်းစေရန် ကြိုတင်အသိပညာပေးခြင်းသည် ထိရောက်သည့် လုပ်ငန်းစဉ်တစ်ခု ဖြစ်သည်နှင့်အညီ ကျောင်းသားလူငယ်များနှင့် ပြည်သူများကို အသိပညာပေးရေးအတွက် ပညာရေးဝန်ကြီးဌာနနှင့် ပြန်ကြားရေးဝန်ကြီးဌာနက ပြည်သူလူထုနှင့် ကျောင်းသားလူငယ်ထုအတွင်း မူးယစ်ဆေးဝါး အန္တရာယ် အသိပညာများ တိုက်ရိုက်ရောက်ရှိစေရန် လွယ်ကူလျင်မြန်သော နည်းလမ်းအမျိုးမျိုးဖြင့် ဆောင်ရွက်လျက်ရှိပါသည်။

ကျန်းမာရေးစောင့်ရှောက်မှုအနေနှင့် မူးယစ်ဆေးစွဲကုသရေးဌာနကြီး ၂၉ ခု၊ ဌာနငယ် ၅၆ ခု၊ မက်သာဒုံးတိုက်ကျွေးသော ဆေးခန်း ၅၅ ခုနှင့် မူးယစ်ဆေးစွဲ လူနာများ လိုအပ်သော ကာကွယ်ရေး၊ ကုသရေးနှင့် ပြုစုစောင့်ရှောက်ရေးဝန်ဆောင်မှု များရရှိစေရေး ဆောင်ရွက်လျက်ရှိရာ ၂၀၁၈ ခုနှစ်တွင် မူးယစ်ဆေးစွဲကုသသူ လူနာ ပေါင်း ၁၀၈၄၉ ဦးအား ဆေးကုသမှု ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။

မူးယစ်ဆေးဝါးသုံးစွဲသူများအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် စခန်းအခြေပြု၊ စခန်းနှင့် ရပ်ရွာအခြေပြုနှင့် ရပ်ရွာအခြေပြု ပြန်လည်ထူထောင်ရေးလုပ်ငန်းတို့မှ မူးယစ်ဆေးစွဲလူနာများကို လှူအသိုင်း အဝိုင်းအတွင်း ပြန်လည် ဝင်ဆံ့လာရေးအတွက် စိတ်ပိုင်းဆိုင်ရာပြန်လည်ထူထောင် ပေးခြင်းနှင့် ရုပ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်ပေးခြင်းများကိုလည်း ဆောင်ရွက်ပေးလျက်ရှိပါသည်။

 

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ

 

နိုင်ငံတော်အစိုးရအနေနှင့် အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများ၊ အာဆီယံနိုင်ငံများ၊ ဒေသအပြင်ဘက်နိုင်ငံများ၊ BIMSTEC အဖွဲ့ဝင်နိုင်ငံများ၊ မဟာမဲခေါင် ဒေသခွဲနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။ ၎င်းအပြင် မြန်မာနိုင်ငံ အခြေစိုက် အမေရိကန် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး စီမံခန့်ခွဲမှုအဖွဲ့ (DEA)၊ ဩစတြေးလျပြည်ထောင်စုရဲတပ်ဖွဲ့ ((AFP)၊ ထိုင်းနိုင်ငံအမျိုးသားမူးယစ်ဆေးဝါး ထိန်းချုပ်ရေးဘုတ်အဖွဲ့ (ONCB)၊ တရုတ်နိုင်ငံ အမျိုးသားမူးယစ်ဆေးဝါး ထိန်းချုပ်ရေးကော်မရှင် (NNCC) စသည့်အဖွဲ့အစည်းများနှင့်လည်း အပြန်အလှန် ပူးပေါင်း၍ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည်။

မူးယစ်ဆေးဝါးထိန်းချုပ်ရေး လုပ်ငန်းများ ပိုမိုထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် ဘက်ပေါင်းစုံ ချဉ်းကပ်မှုများ ပါဝင်သည့် မူးယစ်ဆေးဝါး ထိန်းချုပ်ရေး မူဝါဒသစ်တစ်ရပ်ကို ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်တွင် ရေးဆွဲ ထုတ်ပြန်ကြေညာနိုင်ခဲ့ပြီး ဖြစ်ပါသည်။ အလားတူမူဝါဒကို အထောက်အကူဖြစ်စေမည့် ၁၉၉၃ ခုနှစ် မူးယစ်ဥပဒေကိုလည်း ပြန်လည်သုံးသပ်ခဲ့ပြီး ယင်းပြင်ဆင်သည့် ဥပဒေကို ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီ ၁၄ ရက်နေ့တွင် ပြဋ္ဌာန်းခဲ့ပြီး ဖြစ်ပါသည်။ မူဝါဒသစ်ကို အကောင်အထည်ဖော်မည့် အမျိုးသား မူးယစ်ဆေးဝါး ထိန်းချုပ်ရေး မဟာဗျူဟာ စီမံချက်တစ်ခုကို ရေးဆွဲလျက်ရှိပါသည်။ ၎င်းစီမံချက်ကိုအခြေခံပြီး တိုင်းဒေသကြီး/ ပြည်နယ်အလိုက် မိမိတို့ဒေသတွင် ဖြစ်ပေါ်နေသည့် ပြဿနာနှင့်ကိုက်ညီမည့် လုပ်ငန်းစီမံချက်များကို မိမိတို့ကိုယ်တိုင် ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက် သွားကြရမည် ဖြစ်ပါသည်။

ယခုနှစ်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ ဆောင်ပုဒ်မှာ "Health for Justice. Justice for Health'' “မူးယစ်ကင်းဖို့  ကျန်းမာရေးနှင့် တရားရေး လက်တွဲစို့” ဆိုသည့်အတိုင်း မူးယစ်ဆေးဝါးပြဿနာကို ကိုင်တွယ်ဖြေရှင်းရာ၌ ကျန်းမာရေးနှင့် တရားရေး အပိုင်းများတွင် ပိုမိုပူးပေါင်းဆောင်ရွက်ကြရန်နှင့် မူးယစ်ဆေးဝါးပြဿနာသည် လူသားမျိုးနွယ်စုတစ်ရပ်လုံးကို ခြိမ်းခြောက်နေသည့် ပြဿနာတစ်ရပ်ဖြစ်သည်နှင့်အညီ ကျွန်တော်တို့ နိုင်ငံသားအားလုံးမှ ကိုယ်စီတာဝန်ရှိစွာနှင့် ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။     ။