မြဝတီ  ၂၆  ဇွန်  


ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့၊ သောင်ရင်းခန်းမတွင် ၂၀၁၉ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနားကို ယနေ့ ဇွန် ၂၆ ရက်၊ နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


မြဝတီခရိုင်အတွင်း ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလမှ ဇွန်လ ၂၃ ရက်နေ့အထိ စိတ်ကြွရူးသွပ်ဆေးပြား ၂၇၇၃၀ ပြားနှင့် တရားခံ ကျား ၈၈ ဦး၊ မ ၁၄ ဦး၊ စုစုပေါင်း ၁၀၂ ဦး ဖမ်းဆီးရမိခဲ့ကြောင်း ယနေ့ ကျင်းပပြုလုပ်သည့် မူးယစ်ဆေးဝါး တိုက် ဖျက်ရေး အခမ်းအနားမှ သိရသည်။


အခမ်းအနားတွင် မြဝတီခရိုင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇာအောင် က အဖွင့်အမှာစကား ပြောကြားပြီး ဒုတိဥက္ကဋ္ဌ၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး မျိုးသန့်က မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့ ဥက္ကဋ္ဌ၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ ထံမှပေးပို့သည့် သဝဏ် လွှာအား ဖတ်ကြားသည်။ 


ထို့နောက် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး လုပ်ငန်းများတွင် စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့သည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ၊  ကူညီဆောင်ရွက်ပေးခဲ့သည့် လူပုဂ္ဂိုလ်များ၊ အလှူငွေ ပေးအပ်လှူဒါန်းခဲ့သည့် အလှူရှင်များ၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့အကြို ခရိုင်အဆင့် ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ကွန်ပျူတာပန်းချီ၊ ကွန်ပျူတာပိုစတာ ပြိုင်ပွဲများတွင် ဆုရရှိခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိန်ဗိုလ်၊ ခရိုင်အုပ်ချုပ် ရေးမှူး ဦးတေဇာအောင်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး မျိုးသန့်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးဇော်ကိုကိုနှင့် တာဝန်ရှိ သူများက ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုများ ချီးမြှင့်ခဲ့သည်။ 


အဆိုပါ ပြိုင်ပွဲများတွင် စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ ၁၉၃ ဦး ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကာ တက်ရောက်လာသူများက အခမ်းအနားတွင် ပြသထားသည့် မူးယစ်ဆေးဝါးဆိုင်ရာ အသိပညာပေး ပြဘုတ်များအား ကြည့်ရှု လေ့လာကြ သည်။ အလားတူ ခရိုင်ပြန်/ဆက်ဦးစီးဌာနမှ ဝန်ထမ်းများက မူယစ်ဆေးဝါးအသိပညာပေး သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။


ထိန်လင်းအောင်(ပြန်/ဆက်)