မြဝတီ ၁၇ သြဂုတ်
ထိုင်းနိုင်ငံမှ မြန်မာရွှေ့ပြောင်း လုပ်သား ၃၅၀ သည် မြဝတီမြို့ မြန်မာ-ထိုင်း အမှတ်(၂) ချစ်ကြည်ရေး တံတားမှတစ်ဆင့် ယမန်နေ့က ဆက်လက်ဝင်ရောက်လာကြောင်း သိရသည်။
ပြန်လည်ဝင်ရောက်လာသူများအား ခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်နှင့် တာဝန်ရှိသူများက ကြိုဆိုပြီး ကျန်းမာရေးစစ်ဆေးမှုနှင့် အခြားသော လိုအပ်ချက်များကို ဆောင်ရွက်နိုင်ရန်အတွက် သက်ဆိုင်ရာ ခရိုင်/မြို့နယ်မှ တာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပြန်လည်ဝင်ရောက်လာသူများ အနေဖြင့် မေ ၁ ရက်မှ မေ ၃၁ ရက်အထိ ၁၁၆၈၀၊ ဇွန် ၁ ရက်မှ ဇွန် ၃၀ ရက်အထိ ၂၅၃၃၈ ဦး၊ ဇူလိုင် ၁ ရက်မှ ဇူလိုင် ၃၁ ရက်အထိ ၁၈၅၉၇ ဦး၊ သြဂုတ် ၁ ရက်မှ ၁၆ ရက်အထိ ၉၄၁၈ ဦး စုစုပေါင်း ၆၅၀၃၃ ဦးတို့ ပြန်လည်ဝင်ရောက်ခဲ့ပြီး ဖြစ်သည်။
ပြန်လည်ဝင်ရောက်သူများမှာ တိုင်းဒေသကြီး၊ ပြည်နယ်များမှ အမျိုးသား ၂၁၇ ဦး၊ အမျိုးသမီး ၁၃၃ ဦး စုစုပေါင်း ၃၅၀ ဦးဖြစ်ပြီး သက်ဆိုင်ရာ အသွားအလာ ကန့်သတ်စောင့်ကြည့်ရေး စခန်းများသို့ ပို့ဆောင် ပေးခဲ့ကြောင်း သိရသည်။
ထိန်လင်းအောင်(ပြန်/ဆက်)