မြဝတီ   ဇန်နဝါရီ   ၁၉

 

ကရင်ပြည်နယ်၊ မြဝတီမြို့ရှိ ရွှေမြင်းဝန်း စေတီတော်မြတ်ကြီးတွင် မီးစက်ဖြင့် လျှပ်စစ်မီးပူဇော်နိုင်ရေး မီးစက်ဝယ်ယူရန် ထည့်ဝင်လှူဒါန်းသည့် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်း‌ ပေးအပ်ချီးမြှင့်သည့် အခမ်းအနားကို ဇန်နဝါရီ ၁၈ ရက် ညနေ ၃ နာရီက ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရှိ အစည်းအဝေးခန်းမတွင် ပြုလုပ်သည်။

 

အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးတင့်က မီးစက်ဝယ်ယူရန် စေတနာထက်သန်စွာ ထည့်ဝင်လှူဒါန်းသည့် အလှူရှင်များအား အထူး‌ကျေးဇူးတင်ကြောင်း၊ ရွှေမြင်းဝန်း စေတီတော်မြတ်ကြီးသည် မြဝတီမြို့၏ အထင်ကရဖြစ်သည့်အတွက် စေ‌တီတော်မြတ်၏ ရွှေသင်္ကန်း ကပ်လှူနိုင်ရေးနှင့်‌ စေတီတော်မြတ်၏ ပတ်ဝန်းကျင် သန့်ရှင်သာယာ‌ရေးတို့ကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အမှာစကားပြောကြားသည်။

 

ဆက်လက်၍ ရွှေမြင်းဝန်း စေတီတော်မြတ်ကြီးတွင် မီးစက်ဖြင့် လျှပ်စစ်မီးပူဇော်နိုင်ရေး မီးစက်ဝယ်ယူရန် ထည့်ငွေလှူဒါန်းသည့် အလှူရှင်များအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးတင့်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးစိန်သောင်း၊ ခရိုင်ရဲမှူး အောင်‌မြင့်ဌေး၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ချမ်းငြိမ်းနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပြီး ခရိုင်သာသနာတော် ထွန်းကားပြန့်ပွားရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမောင်ဝင်းက ကျေးဇူးတင်စကားပြောကြားသည်။

 

ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးတင့်က နိဂုံးချုပ် အမှာစကား ပြောကြားပြီး ရွှေမြင်းဝန်းစေတီတော်မြတ်ကြီးတွင် မီးစက်ဖြင့် လျှပ်စစ်မီး ပူဇော်နိုင်ရေး မီးစက်ဝယ်ယူရန် အလှူရှင်များ ထည့်ငွေလှူဒါန်းသည့် စုစုပေါင်း‌ငွေ ကျပ် ၁၅၆၂၀၀၀၀ ကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးတင့်က ‌ရွှေမြင်းဝန်း စေတီတော်မြတ်ကြီး၏ ဘုရားဂေါပကအဖွဲ့ထံ ပြန်လည်လွှဲအပ်ပေးခဲ့ပြီး ရွှေသင်္ကန်း ဆက်လက်ကပ်လှူနိုင်ရန်အတွက် ဦးညီညီမောင်မိသားစုက အလှူငွေကျပ် ၅ သိန်းကို လှူဒါန်းခဲ့ကြောင်း သိရသည်။

 

မန်းသန်းရွှေမြင့်(ပြန်/ဆက်)