မြဝတီ ၂ ဇွန်

ကရင်ပြည်နယ်၊ မြဝတီမြို့တွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့အကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ဇွန် ၁ ရက် နံနက် ၉ နာရီခွဲက မဲကနယ်တိုးချဲ့ ကွက်သစ်၌ကျင်းပရာ ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်နှင့် တာဝန်ရှိသူများ တက်ရောက် သစ်ပင်စိုက်ပျိုးပေးခဲ့ကြသည်။

 

21

 

သစ်ပင်စိုက်ပျိုးပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က “မိမိတို့နေထိုင်သည့် ပတ်ဝန်းကျင်တွင် သစ်ပင်များရှိမှသာ အေးချမ်းသာယာမည်ဖြစ်ကြောင်း၊ မည်သည့်အပင်ဖြစ်ပါစေ လူသားတို့အတွက် အကျိုးရှိကြောင်း၊ မိမိတို့ပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ဖို့အတွက် အစိုးရတွင် တာဝန်ရှိသကဲ့သို့ အားလုံးတွင်လည်း တာဝန်ရှိပါကြောင်း၊ ယနေ့အခမ်းအနားသို့ တက်ရောက်လာသူအားလုံးကို အပင်များဝေငှပေးမည်ဖြစ်ကြောင်း၊ မိမိတို့နေထိုင်ရာဒေသ ပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ဖို့အတွက် အားလုံးပူးပေါင်းပါဝင် သစ်ပင်စိုက်ပျိုးကြရန်လိုကြောင်း” အမှာစကားပြောကြားသည်။

 

22

 

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်နှင့် ကရင်အမျိုးသားအစည်းအရုံး ( KNU) ဥက္ကဋ္ဌ စောမူတူးစေးဖိုးတို့က ပျိုးပင်များကိုပေးအပ်ပြီး ဌာနဆိုင်ရာများ၊ တိုင်းရင်းသားငြိမ်းချမ်းရေး အဖွဲ့အစည်းများ၊ မဲကနယ်တိုးချဲ့ကွက်သစ်နှင့် မဲကနယ်ကျေးရွာတို့မှ ဒေသခံပြည်သူများက မန်ဂျန်ရှား၊ မလကာ၊ မန်ကျည်း၊ ပေါက်ပန်းဖြူ၊ မျှင်ဝါး၊ ဝါးဘိုးဝါး၊ ခရေ၊ ကျွန်း၊ တရုတ်တည် အစရှိသည့် အပင်ပေါင်း ၃၉၆၀ ပင်ကို စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)

 

33