ရန်ကုန်  ၇  နိုဝင်ဘာ 

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနတွင် လက်ရှိဆောင်ရွက်လျက်ရှိသော ကုန်သွယ်မှုနှင့် ပတ်သက်သော လုပ်ငန်းစဉ်များကို အဆင့်မြှင့်တင်ထားသည့် Myanmar Trade net 2.0 စနစ်အား  ၂ဝ၂ဝ ပြည့်နှစ်၊ နိုဝင်ဘာ ၁ ရက်နေ့မှစတင်၍ အဆင့်လိုက်လွှင့်တင်လျက်ရှိရာ စနစ်အသုံးပြုမှုနှင့် ပတ်သက်၍ ကုန်သည်လုပ်ငန်းရှင်များထံ ဒုတိယအကြိမ် အသိပညာပေးရှင်းလင်းခြင်းကို ယနေ့နံနက် ပိုင်းတွင်၊ လမ်းမတော်မြို့နယ်  UMFCCI  ၌  Virtual Online စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ အသင်းချုပ် အထွေထွေအတွင်းရေးမှူးချုပ် ဦးအေးဝင်း တက်ရောက်အမှာစကား ပြောကြားခဲ့သည်။

 

Myanmar Trade net 2.0 တွင် ပို့ကုန်သွင်းကုန်ဆိုင်ရာ ဝန်ဆောင်မှုများကို အွန်လိုင်းမှတစ်ဆင့် လျှောက်ထားခြင်း ထုတ်ပေးခြင်းတို့ ပြုလုပ်နိုင်သည်။

 

Trade Net 2.0 တွင် ပို့ကုန်၊ သွင်းကုန်၊ လိုင်စင်၊ ပါမစ်များ လျှောက်ထားနိုင်ရန်အတွက် ပထမဦးစွာ Trade net 2.0 အသင်းဝင်ဖြစ်ရန်လိုအပ်ပြီး အသင်းဝင်ဖြစ်ပြီးပါက ပို့ကုန်သွင်းကုန်လုပ်ငန်းရှင် မှတ်ပုံတင်ခြင်း (ပသက) လျှောက်ထားနိုင်ပါသည်။ (ပသက) ရရှိပြီးပါက ပို့ကုန်သွင်းကုန် လိုင်စင်၊ ပါမစ်များအား ဆက်လက်လျှောက်ထားနိုင်သည်။

 

Trade net 2.0 စနစ်တွင် ဆောင်ရွက်နိုင်သည့် ဝန်ဆောင်မှု လုပ်ငန်းများအဖြစ် ပို့ကုန်သွင်းကုန်  လုပ်ငန်းရှင် မှတ်ပုံတင်လက်မှတ်နှင့် ဆက်စပ်ကတ်များ၊ ပို့ကုန်သွင်းကုန်လိုင်စင်ပါမစ်၊ လိုင်စင်အတွက်  လိုအပ်သည့် ထောက်ခံချက်ပေးသည့် အစိုးရဌာနများ၊ အဖွဲ့အစည်းများမှ စနစ်အတွင်း ဝင်ရောက် အသုံးပြုနိုင်ခြင်း၊ ကုန်သွယ်မှု ဆက်စပ်ဌာနများနှင့် အီလက်ထရောနစ် ဒေတာအပြန်အလှန် ချိတ်ဆက်ပေးပို့နိုင်ခြင်း၊ ပင်ရင်းနိုင်ငံ သက်သေခံလက်မှတ် (CO) Form များထုတ်ပေးခြင်း စသည့်လုပ်ငန်းရပ်များကို အွန်လိုင်းမှ လျှောက်ထားခြင်း၊ ထုတ်ပေးခြင်း လုပ်ငန်းစဉ်များကို ဆောင်ရွက်နိုင်ကြောင်း ပါရှိသည်။

ကျော်ဆန်းမြင့်   လမ်းမတော်(ပြန်/ဆက်)