မယ်စဲ့ ၆ နိုဝင်ဘာ
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် စိုက်ပျိုးသည့် မိုးသီးနှံ နှမ်းများပေါ်ချိန်တွင် ရာသီဥတုကြောင့် နှမ်းများ အထွက်နှုန်းလျော့နည်းပြီး ဈေးကောင်းလည်း မရရှိသဖြင့် နှမ်းစိုက်တောင်သူများ အခက်အခဲဖြစ်ကြောင်း သိရသည်။
မယ်စဲ့မြို့နယ်တွင် ၂၀၁၉-၂၀၂၀ မိုးသီးနှံ နှမ်းစိုက်ဧက ၂၃၂၃ ဧက စိုက်ပျိုးခဲ့ပြီး စမုံနက်မျိုး ၂၀၀၀ ဧက၊ GAP စနစ်ဖြင့် နှမ်းစိုက် ဧက ၃၅၁ ဧက စိုက်ပျိုးခဲ့ရာ စမုံနက်မျိုးမှာ တစ်ဧက အထွက်နှုန်း ၁၀ ဒသမ ၅၀ တင်းနှင့် နှမ်း GAP စနစ်မှာ တစ်ဧက အထွက်နှုန်း ၁၂ ဒသမ ၅၃ တင်း ထွက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ယခုနှစ်တွင် မယ်စဲ့မြို့နယ်ရှိ နှမ်းစိုက်တောင်သူများအနေဖြင့် ရာသီဥတုဖောက်ပြန်မှုကြောင့် နှမ်းပေါ်ချိန်တွင် နှမ်းအထွက်နှုန်းလျော့နည်းပြီး လက်ရှိဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ရောဂါကြောင့် နှမ်းဈေးလည်း မကောင်းသဖြင့် တောင်သူများ အခက်အခဲဖြစ်လျက်ရှိသည်။
“အရင်နှစ်က စမုံနက်နှမ်းမျိုးက တစ်ပိဿာကို ကျပ် ၅၃၀၀ မှ ကျပ် ၅၅၀၀ ထိ ဈေးရပြီး ယခုနှစ်မှာ စမုံနက်နှမ်း တစ်ပိဿာကို ကျပ် ၃၅၀၀ မှ ကျပ် ၄၁၀၀ သာ ဈေးရှိတဲ့အတွက် ဒီနှစ်ရာသီဥတုကြောင့် နှမ်းအထွက်နှုန်း လျော့တဲ့အပြင် ဈေးကောင်းလည်းမရတော့ တောင်သူတွေအတွက် အခက်အခဲ ဖြစ်တယ်” ဟု နမ့်ပိန်းလင်ကျေးရွာမှ နှမ်းစိုက်တောင်သူတစ်ဦးက ပြောသည်။
ယခုနှစ် ဆောင်းရာသီတွင် ဆောင်းသီးနှံများ ပိုမိုစိုက်ပျိုးနိုင်စေရန်အတွက် မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနက ကွင်းဆင်းအသိပညာပေးခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး တောင်သူများ စိုက်ပျိုးရန် လိုအပ်သည့် ဆောင်းနေကြာ၊ ပဲပုပ်၊ မတ်ပဲမျိုးကို မှာယူချိတ်ဆက်ပေးကာ စိုက်ပျိုးနည်း စနစ်များကိုလည်း ကွင်းဆင်းပံ့ပိုး ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဝတ်ရည်(ပြန်/ဆက်)


