မယ်စဲ့ ဇွန် ၂၃
ကယားပြည်နယ်၊ မယ်စဲ့မြို့နယ်အတွင်း ဓာတ်အားပိတ် ဝန်အားလျှော့ချခြင်းလုပ်ငန်း မဆောင်ရွက် တော့ဘဲ ၂၄နာရီ လျှပ်စစ်ဓာတ်အား ပုံမှန်အတိုင်း ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း ဘောလခဲခရိုင် လျှပ်စစ်အင်ဂျင်နီယာရုံး၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ ဓာတ်အားသုံးစွဲသူပြည်သူများအား သတင်းထုတ်ပြန်လိုက်ကြောင်း သိရသည်။
ယခင်က ဆည်များတွင် ရေဝင်ရောက်မှုနည်းခြင်း၊ ကျေးလက်ဒေသများအထိ ဓာတ်အားလိုင်းအသစ်များ တိုးချဲ့ တည်ဆောက်ခဲ့ရာ ဓာတ်အားသုံးစွဲသူပြည်သူများ တိုးတက်များပြားလာခြင်းတို့ကြောင့် နေ့စဉ်နံနက်၇နာရီမှ ၉နာရီ အထိလည်းကောင်း၊ မွန်းတည့်၁၂နာရီမှ မွန်းလွဲ၂နာရီအထိလည်းကောင်း ဝန်အားလျှော့ချသည် ့လုပ်ငန်းဆောင်ရွက်ခဲ့ရာ ရုံးဌာနများအနေဖြင့် ရုံးလုပ်ငန်းများအချိန်နှင့်တပြေးညီ ဆောင်ရွက်ရာတွင် အခက်အခဲများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
ယခုအခါ မယ်စဲ့မြို့နယ်တွင် ဇွန်၂၂ရက်မှစ၍ ဓာတ်အားပိတ် ဝန်အားလျှော့ချခြင်းမပြုတော့ဘဲ ၂၄နာရီပုံမှန်ဓာတ်အား ဖြန့်ဖြူးပေးလျက်ရှိကြောင်းနှင့် ရံဖန်ရံခါ LDC မှ အရေးပေါ်ဝန်အားလျှော့ပါက ဓာတ်အားပိတ်လုပ်ငန်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ယင်းလုပ်ငန်းများ ဆောင်ရွက်မည်ဆိုပါက ပြည်သူများထံ ကြိုတင်အသိပေးသတင်း ထုတ်ပြန်ပေးမည်ဖြစ်ကြောင်း ခရိုင်လျှပ်စစ်အင်ဂျင်နီယာဦးကျော်ဇင်လင်းထံမှ သိရသည်။
ဝတ်ရည်(ပြန်/ဆက်)