မယ်စဲ့ ၂၅ ဩဂုတ်
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ၂၀၂၀ ရွေးကောက်ပွဲအတွက် လူငယ်များအနေဖြင့် ရွေးကောက်ပွဲဖြစ်စဉ်တွင် ပိုမိုပါဝင်လာစေရန် ရည်ရွယ်ပြီး လွတ်လပ်မျှတသော ရွေးကောက်ပွဲများ ပံ့ပိုးကူညီရေးအဖွဲ့ (MYNFREL)မှ လူငယ်များအတွက် ဒီမိုကရေစီနိုင်ငံသားကောင်းဆိုင်ရာ စံနှုန်းများနှင့် မဲဆန္ဒရှင် အသိပညာပေးခြင်း သင်တန်းကို ယနေ့နံနက် ၉ နာရီက ဝမ်ကန်ကျေးရွာ ဘုန်းကြီးကျောင်း၌ ပြုလုပ်သည်။
သင်တန်းနည်းပြ ပရိုဂရမ်မန်နေဂျာ ဦးမင်းသုနောင်က လူငယ်များအနေဖြင့် ရွေးကောက်ပွဲဖြစ်စဉ်၌ ပိုမိုပါဝင်လာစေရန် ရည်ရွယ်ပြီး သင်တန်းပြုလုပ်ရခြင်းဖြစ်ကြောင်းနှင့် သင်တန်းတွင် လူငယ်များ၏ အသံ၊ ဒီမိုကရေစီ၏ အခြေခံအင်္ဂါရပ်များ၊ ဆုံးဖြတ်ချက်ချမှတ်ခြင်း၊ ခေါင်းဆောင်မှု မိတ်ဆက်ခြင်း၊ ရွေးကောက်ခံ ကိုယ်စားလှယ်များ၊ ရွေးကောက်ပွဲမိတ်ဆက်ခြင်း၊ ရွေးကောက်ပွဲတွင် ပါဝင်ခြင်းနှင့် သရုပ်ပြတင်ဆက်ခြင်း၊ လူငယ်နှင့် လူမှုအသိုက်အဝန်းအခန်းကဏ္ဍ စသည့်ခေါင်းစဉ်များဖြင့် သင်တန်းပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
သင်တန်းတွင် မယ်စဲ့မြို့နယ်အတွင်းမှ စိတ်ပါဝင်စားသော လူငယ် ၂၁ ဦး တက်ရောက်ကြပြီး သင်တန်းကို နှစ်ရက်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
စိုင်းလျှမ်း(ပြန်/ဆက်)


