လဟယ် ၃၀ ဇွန်
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တစ်မြို့နယ်တစ်ရွာ ဘက်စုံအဆင့်မြင့်နည်းပညာသုံး စံပြကျေးရွာအဖြစ် အံ့ပေါ်ကျေးရွာတောင်သူ ဦးရန်ဘွဲ့ကြည်၏ လယ်မြေ ဦးပိုင်အမှတ်(၂၅)တွင် နွေစပါး ရက်(၉၀)စပါးမျိုး တစ်ဧက စမ်းသပ်စိုက်ပျိုးခဲ့ရာ အဆိုပါ စံကွက်ရိတ်သိမ်းပွဲကို ယမန်နေ့က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသက်နောင်ဦးဆောင်၍ နာဂဒေသဦးစီးအဖွဲ့ဝင်ဦးလော်ယုံ၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးမျိုးညီညီ၊ မြို့နယ်စိုက်ပျိုးရေး ဦးစီးမှူးဦးနိုင်ကျော်စိုးနှင့် ရုံးအဖွဲ့များ၊ ဌာနဆိုင်ရာများ၊ အံ့ပေါ်၊ တိုက်ရံကျေးရွာ မှ တောင်သူများ တက်ရောက်ခဲ့သည်။
ရှေ့ဦးစွာ နာဂဦးစီးအဖွဲ့ အလုပ်အမှုဆောင်ဦးလော်ယုံက အဖွင့်အမှာစကားပြောကြာပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးဦးနိုင်ကျော်စိုးက (Field day) ပြုလုပ်ခြင်း ရည်ရွယ်ချက်းအား ရှင်းလင်း ပြီး နည်းပညာပေးဟောပြောခဲ့သည်။ ၎င်းနောက်မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်စိမ်း မြေသြဇာကျဲပက်ခြင်း၊ စပါးမျိုးစေ့ချကိရိယာ(Drum Seeder) ဖြင့် မျိုးစေ့ချသရုပ်ပြခြင်း၊ မျိုးစပါးဆားရည်စိမ်နည်း လက်တွေ့သရုပ်ပြခြင်းများဆောင်ရွက်ခဲ့ပြီး၊ နွေစပါးစမ်းသပ်စိုက်ခင်း စံကွက်ရိတ်သိမ်းခဲ့ရာ အစိုအထွက်တင်း(၁၀၅.၄၃)တင်းထွက်ရှိခဲ့ပြီး၊ နာဂဒေသ၏ထူးထူးခြားခြား အောင်မြင်သော နွေစပါးအဖြစ် မှတ်တမ်းတင်နိုင်ခဲ့ပါသည်။ အဆိုပါအဖွဲ့သည် အံ့ပေါ်ကျေးရွာ စီးပွားဖြစ် အစေ့ထုတ်ပြောင်း ဧက(၂၀ဝ) စိုက်ခင်းသို့ သွားရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။
(ရှားဆက်၊လဟယ်ပြန်/ဆက်)


