မုံရွာ ၁၂ မေ
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအတွင်း သဘာဝဘေးကြောင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပွားပါက အချိန်မီ ထောက်ပံ့ပေးနိုင်ရန်အတွက် ကယ်ဆယ်ရေးပစ္စည်းများကို ကြိုတင်စီစဉ်ထားကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ကြက်ခြေနီတပ်ဖွဲ့မှူး ဦးတင့်ဝေ၏ ပြောကြားချက်အရ သိရသည်။
“တစ်ခြားမြို့နယ်တွေကိုတော့ သဘာဝဘေးဖြစ်လို့ ထောက်ပံ့ပေးဖို့ လိုအပ်တယ်ဆိုရင် တိုင်းကြက်ခြေနီက တိုက်ရိုက်ထောက်ပံ့ပေးတယ်၊ မီးလောင်တာတို့၊ လေဘေးသင့်လို့ အိမ်တွေပြိုပျက်သွားရင် ထောက်ပံ့ပေးနိုင်ဖို့ ကြိုတင်စီစဉ်ထားတာပါ၊ နာဂဒေသအတွက် သဘာဝဘေးတွေဖြစ်လာရင် အလွယ်တကူ၊ အလျင်အမြန် ထောက်ပံ့ပေးနိုင်ဖို့ ကယ်ဆယ်ရေးပစ္စည်းတွေ ကြိုတင်ပေးပို့ထားတယ်၊ လေရှီးမြို့နဲ့ လဟယ်မြို့မှာ ကြက်ခြေနီ တပ်ဖွဲ့ဝင်တွေသွားဖို့ မော်တော်ဆိုင်ကယ်လေးစီး ထောက်ပံ့ပေးထားတယ်၊ ဖြစ်မှပို့မယ်ဆိုရင် လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့အတွက် အချိန်မီထောက်ပံ့ပေးနိုင်ဖို့ အခုလို ကြိုတင်စီစဉ်ပေးထားတာပါ၊ အရင်က ဖြစ်မှသွားထောက်ပံ့တာ ဒီနှစ်ကတော့ ကြိုတင်ပြီးပို့ထားတယ်” ဟု ကြက်ခြေနီ တပ်ဖွဲ့မှူး ဦးတင့်ဝေက ပြောသည်။
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအတွင်း သဘာဝဘေးဒဏ်သင့်နေရာများသို့ ထောက်ပံ့ပေးနိုင်ရန် ကယ်ဆယ်ရေး ပစ္စည်းများအဖြစ် လဟယ်မြို့တွင် အစုံ(၇၀)နှင့် ခန္တီးမြို့တွင် အစုံ(၇၀) တို့ကို ဧပြီလ နောက်ဆုံးပတ်အတွင်း ပေးပို့ထားပြီးဖြစ်ကြောင်း ကြက်ခြေနီတပ်ဖွဲ့မှူး ဦးတင့်ဝေထံမှ သိရသည်။
ဝင်းဦး(ဇေယျာတိုင်း)