မုံရွာ ၃၀  သြဂုတ် 


၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အထိ စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မြို့နယ်များအတွင်းရှိ ကျေးရွာ(၃၃)ရွာတွင် တစ်အိမ်ထောင်သုံး ဆိုလာမီးလင်းရေးစနစ်များဖြင့် တပ်ဆင်အသုံးပြုလျက်ရှိကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တိုင်းဒေသကြီး ဦးစီးမှူး ဦးဝင်းကျော်မျိုး၏ ပြောကြားချက်အရ သိရသည်။


“စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာ နာဂဒေသက အဆင်းရဲဆုံးဖြစ်နေတယ်၊ အခုလိုတစ်အိမ်ထောင်သုံး ဆိုလာစနစ်နဲ့ မီးလင်းရေးကို လုပ်ဆောင်ပေးတဲ့အတွက် ဒေသအတွက် အများကြီးအထောက်အကူ ဖြစ်စေတယ်၊ ကျောင်းသားကျောင်းသူလေးတွေလည်း စာကြည့်တဲ့အခါ အဆင်ပြေတယ်၊ နာဂဒေသမှာ နောက်ထပ်လည်း အများကြီးလိုအပ်နေသေးတယ်၊ အခုလိုဆိုလာစနစ်နဲ့ မီးလင်းအောင် နာဂဒေသတိုးတက်အောင် လာလုပ်ပေးလိမ့်မယ်လို့လည်း မျှော်လင့်နေတယ်” ဟု လဟယ်မြို့နယ် ယွန်တိုင်းကျေးရွာမှ ဦးဝါးကိုက ပြောသည်။


နာဂဒေသသည် တောင်ပေါ်ဒေသဖြစ်ပြီး လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့်ဒေသတစ်ခုဖြစ်ပြီး တစ်ဦးချင်း ဝင်ငွေနည်းပါးသည့် ဒေသတစ်ခုဖြစ်ရာ တစ်အိမ်ထောင်သုံး ဆိုလာစနစ်မီးလင်းရေးတွင် ပြည်သူမှ ထည့်ဝင်ရမည့် တန်ဖိုးငွေ၏(၂၀)ရာခိုင်နှုန်းကို ပြည်သူများအနေဖြင့် အပြည့်အဝထည့်ဝင်နိုင်သည့် အခက်အခဲများလည်းရှိကြောင်း သိရသည်။


“လဟယ်မြို့နယ်မှာတော့ တစ်အိမ်ထောင်သုံး ဆိုလာမီးလင်းရေးစနစ်ကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်မှာ ကျေးရွာ(၁၁)ရွာမှာ စတင်အသုံးပြုခဲ့တယ်၊ ကျန်တဲ့ရွာတွေကလည်း ဆိုလာမီးလင်းရေးကို အမြန်ဆုံး အကောင်အထည်ဖော်နိုင်ဖို့ မျှော်လင့်နေကြတယ်” ဟု လဟယ်မြို့နယ်  မဲဆန္ဒနယ် အမှတ် (၂)မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကယ်က ပြောသည်။


နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ မြို့နယ်များတွင် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်၌ ကျေးရွာ(၁၁) ရွာတွင်လည်းကောင်း၊ ၂၀၁၈-၂၀၁၉ဘဏ္ဍာနှစ်တွင်ကျေးရွာ(၂၂)ရွာတွင်လည်းကောင်း တစ်အိမ်ထောင်သုံး ဆိုလာမီးလင်းရေးကို အကောင်အထည် ဖော်ဆောင်ပေးခဲ့ကြောင်း သိရသည်။


ဝင်းဦး (ဇေယျာတိုင်း)

 

Slide2(