တံတားဦး ၂၀ ဩဂုတ်

 

ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် နွားခြံကြီးကုန်းကျေးရွာအုပ်စု ရွာသာအေးကျေးရွာတွင် သန့်ရှင်းသောသောက်သုံးရေရရှိရေးရည်ရွယ်ချက်ဖြင့် စက်ရေတွင်းတူးဖော်ခြင်း ရေစက်ရုံတည် ဆောက်ခြင်းနှင့် ရေဂါလန် ၅၀၀၀ ဆံ့ရေစုကန် တည်ဆောက်ခြင်းလုပ်ငန်းများဆောင်ရွက်လျက်ရှိသည်။

 

တံတားဦးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်းရှိ ကျေးရွာများ  သန့်ရှင်းသော သောက်သုံးရေရရှိရေးအတွက် ဘဏ္ဍာနှစ်အလိုက်ဆောင်ရွက်ပေးသည့် အပြင် ကျေးရွာချင်းဆက် လမ်းများ၊ ကုန်ထုတ်လမ်းများ၊ ကျေးရွာတွင်းလမ်းများကွန်ကရစ်လမ်းခင်း ခြင်းလုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း ယခုတူးဖော်ပေးသည့် ရွာသာအေးကျေးရွာ စက်ရေတွင်းသည် ၄ လက်မတွင်း၊ ရေဂါလန်(၂၀၀၀)ဆံ့ အလျား(၁၀)ပေ အနံ(၈)ပေ ၊အမြင့်(၈)ပေရှိ ရေကန်တွင် ရေစက်ရုံတစ်ရုံမှ ၂လက်မ PVCရေပိုက်အရှည်(၃၀၅၈)ပေ အားသွယ်တန်းခြင်းများပါဝင်ပါကြောင်း၊

 

အဆိုပါလုပ်ငန်းပြီးစီးပါက ရွာသာယာအေးကျေးရွာရှိ ပြည်သူများအနေဖြင့် သောက်သုံရေဖူလုံစွာ ရရှိနိုင်မည်ဖြစ်ကြောင်း ကုန်ကျငွေအားဖြင့် ငွေကျပ်သန်းပေါင်း(၁၇.၆၄၄)ဖြစ်ကြောင်း တံတားဦးမြို့နယ် အနေဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ကျေးလက်ရေရရှိရေးလုပ်ငန်း(၆)ရွာ ဆောင်ရွက်မည် ဖြစ်ကြောင်း စက်ရေတွင်းတူးဖော်ပြီးစီးမှုနှင့် ပတ်သက်ပြီး ကျေးရွာရေပေးဝေရေးကော်မတီများနှင့် တွေ့ဆုံကာ ရေပေးဝေရေးလုပ်ငန်းများ စနစ်တကျလုပ်ငန်းလည်ပတ်ရေး ဆွေးနွေးညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးခင်မောင်ဌေး၏ ပြောကြားချက်အရ သိရသည်။

 

ရဲတင့်(တံတားဦး-ပြန်/ဆက်)