နွားထိုးကြီး ၂၃ စက်တင်ဘာ

မြန်မာနိုင်ငံတွင် မြန်မာ့ယဉ်ကျေးမှု အစဉ်အလာကို ထိန်းသိမ်းကာ ဆံရစ်ဝိုင်းဆံထောက်များ ထားရှိသည့် ယဉ်ကျေးမှုကျေးရွာကို ပြပါဆိုလျှင် မန္တလေးတိုင်းဒေသကြီး နွားထိုးကြီးမြို့နယ် ဘူးကိုင်းကျေးရွာအုပ်စုရှိ ခံစပ်ကုန်းရွာကို ပြသရမည်ဖြစ်သည်။ ခံစပ်ကုန်းရွာသည် သမိုင်းဝင် နာမည်ကျော် စကြာတောင်ကို နောက်ခံထားကာ ခံစပ်ကုန်းအရှေ့ရွာ ခံစပ်ကုန်းအနောက်ရွာဟု ရှိသည်။ ရွာထဲရှိ အမျိုးသမီးများသည် မြန်မာ့ရိုးရာယဉ်ကျေးမှု ဆံပင်ထားရှိမှုကို ယနေ့တိုင် ထားရှိနေသည်ကို တွေ့ရှိရသည်။

မြန်မာ့ရိုးရာ ဆံပင်ပုံထားမှုတွင် ယောက်ျားကလေးများဆိုလျှင် ငယ်ရွယ်စဉ်တွင် ဦးစွန်းဖုတ်ထားရှိကြသည်။ အမျိုးသမီးများဆိုလျှင် ဆံရစ်ဝိုင်း၊ ဆံထောက်၊ အုပ်လုံးသိမ်းဆိုသော ထားသိုမှုပုံဆံများကို ထားရှိကြသည်။

မြန်မာ့ယဉ်ကျေးမှု ဆံပင်ထားသိုမှုတွင် အမျိုးသမီးငယ်များ အပျိုဖော်မဝင်ခင်တွင် ဆံရစ်ဝိုင်းများ ထားရှိကြသည်။ ထိုဆံရစ်ဝိုင်းသည် ကလေးသာသာအရွယ်ဆိုသည်ကို ပြသနေသည်။ အပျိုဖော်ဝင်သည်နှင့် ဆံထောက်ထားလေ့ရှိသည်။ ဆံထောက်ထားမှုသည် အပျိုဖြစ်ပြီဆိုသည်ကို ပြသနေပေသည်။ အပျိုဖြစ်ပြီဟု ပြောဆိုခြင်းပင်ဖြစ်သည်။ အပျိုဘဝကျော်လွန်ပါက အုပ်လုံးသိမ်းသည့် စနစ်များကို ယနေ့တိုင်ပြုလုပ်ကြသည်။ ခေတ်မီကာ ဆံကေသာ အမျိုးမျိုးထားနေသော လက်ရှိကာလတွင် နွားထိုးကြီးမြို့နယ် ခံစပ်ကုန်းရွာမှာ မြန်မာမှုဆံကေသာ ထားသည့်စနစ်အတိုင်း  ဆံရစ်ဝိုင်း၊ ဆံထောက်များကို ယနေ့တိုင်ထိန်းသိမ်းကာ ထားရှိလျက်ရှိနေကြောင်း သိရသည်။  

တိမ်တမန်