နေပြည်တော်၊ ဇန်နဝါရီ ၁၉

 

Naypyitaw State Academy ၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီတွင် အဆိုပါတက္ကသိုလ်ရှိ ဘက်စုံသုံးခန်းမ၌ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ ဒုတိယဝန်ကြီး ဒေါက်တာ ဇော်မြင့်နှင့် ‌‌‌ဒေါက်တာမိုးဇော်ထွန်း၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ Naypyitaw State Academy ၏ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ (ဌာနမှူး) များ၊ ဆရာ ဆရာမများ၊ မောင်မယ်သစ်လွင်ကျောင်းသား၊ ကျောင်းသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

ဦးစွာ တက္ကသိုလ် ကျောင်းသား ၊ကျောင်းသူများက Naypyitaw State Academy သီချင်းဖြင့် အခမ်းအနားကို ဖွင့်လှစ်သည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးက ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် Naypyitaw State Academy ၏ ပထမနှစ် သင်တန်းများသို့ ဝင်ရောက်လာကြသည့် ကျောင်းသူ ၊ကျောင်းသားများ အားလုံးကို ပညာရေးဝန်ကြီးဌာနအနေဖြင့်ရော၊ Naypyitaw State Academy အနေဖြင့်ပါ လှိုက်လှဲနွေးထွေးစွာကြိုဆိုပါသည်ဟု ဦးစွာပြောကြားလိုပါကြောင်း။

 

mdn

 

Naypyitaw State Academy ကို မြန်မာနိုင်ငံ၏ မြို့တော်နေပြည်တော်တွင် စဉ်းစားတွေးခေါ် ဖန်တီးမှုကိုအားပေးသော၊ အရည်အသွေးပြည့်ဝသည့် သင်ကြားသင်ယူ လေ့ကျင့်မှုများမှတစ်ဆင့် အသုံးချသုတေသနနှင့် တီထွင်ဆန်းသစ်မှုကို အားပေးသည့် အဆင့်မြင့် ပညာရပ်များကို သင်ယူရာ တက္ကသိုလ်တစ်ခုကို တည်ထောင်ဖွင့်လှစ်ရန်ဟူသော ရည်ရွယ်ချက်ဖြင့် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ (၉) ရက်တွင် တည်ထောင်ဖွင့်လှစ်ခဲ့ပါကြောင်း။

 

Naypyitaw State Academy ကို ထိပ်တန်းတက္ကသိုလ်တစ်ခုအဖြစ် ဖော်ဆောင်ရာတွင် Comprehensive University အနေဖြင့် ရည်မှန်းထားခြင်းဖြစ်သည့်အတွက် ဝိဇ္ဇာပညာ မဟာဌာန၊ သိပ္ပံပညာ မဟာဌာန၊ ဥပဒေပညာ မဟာဌာန၊ စီးပွားရေးပညာ မဟာဌာန၊ ဆေးသိပ္ပံပညာ မဟာဌာန၊ အားကစားပညာ မဟာဌာန၊ လူမှုရေးပညာ မဟာဌာန ဟူ၍ မဟာဌာနကြီး (၇) ခုဖြင့် ဖွဲ့စည်းတည်ထောင် ဖွင့်လှစ်ရန်စီစဉ်ထားပါကြောင်း၊ ယခုပညာသင်နှစ်တွင် ဝိဇ္ဇာပညာမဟာဌာန၊ သိပ္ပံပညာမဟာဌာန၊ စီးပွားရေးပညာမဟာဌာန၊ ဥပဒေပညာမဟာဌာန၊ ဆေးပညာမဟာဌာန ဟူ၍ မဟာဌာန ၅ ခု ကို ဖွင့်လှစ်ထားပြီး ပထမနှစ်၊ တတိယနှစ်၊ စတုတ္ထနှစ်၊ ဂုဏ်ထူးတန်းပထမနှစ်၊ ဂုဏ်ထူးတန်းဒုတိယနှစ် သင်တန်းများတွင် ကျောင်းသား ၊ကျောင်းသူများကို လက်ခံသင်ကြား ပေးလျက်ရှိပါကြောင်း။

 

လာမည့်ပညာသင်နှစ်တွင် အားကစားပညာမဟာဌာနနှင့် လူမှုရေးပညာမဟာဌာနများကို တိုးချဲ့ဖွင့်လှစ်ပြီး အားကစားပညာနှင့် လူမှုရေးပညာ အထူးပြုဘာသာရပ်များကို ထပ်မံဖွင့်လှစ် သင်ကြားပေးရန်စီစဉ်ထားရှိပါကြောင်း၊ ထို့အပြင်မကြာမီအချိန်ကာလအတွင်း ဒီပလိုမာဘွဲ့ သင်တန်း၊ မဟာဘွဲ့ သင်တန်း၊ ပါရဂူဘွဲ့ သင်တန်းများကိုလည်း တိုးချဲ့ဖွင့်လှစ်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ လာမည့်ပညာသင်နှစ်တွင် ပထမနှစ်သင်တန်းမှ မဟာဘွဲ့သင်တန်း၊ ပါရဂူဘွဲ့ သင်တန်းများအထိ အတန်းစုံအောင် ဖွင့်လှစ်သင်ကြားနိုင်မည် ဖြစ်ပါကြောင်း၊ မောင်တို့မယ်တို့သည် ကျောင်း၏ဂုဏ်ကိုဆောင်သည့်၊ ဘာသာရပ်၏ ဂုဏ်ကိုဆောင်သည့်၊ စည်းကမ်းလိုက်နာပြီး ထူးချွန်ထက်မြက်အောင်မြင်သည့် ကျောင်းသူ၊ ကျောင်းသားများ ဖြစ်လာကြစေလိုပါကြောင်းနှင့် နိုင်ငံနှင့်လူ့ဘောင်လောကအကျိုးကို သယ်ပိုးထမ်းရွက်နိုင်သည့် ပညာရှင်များဖြစ်လာကြပါစေကြောင်း ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားသည်။

 

ယင်းနောက် Naypyitaw State Academy ကျောင်းသား၊ ကျောင်းသူများက “မင်းနေပြည်” သီချင်းဖြင့် သီဆိုဖျော်ဖြေကြပြီး မောင်မယ်သစ်လွင်ကျောင်းသား၊ ကျောင်းသူများကို ဘာသာရပ်ဆိုင်ရာ ပါမောက္ခ (ဌာနမှူး) များနှင့် မိတ်ဆက်ပေးပြီး အခမ်းအနားကို အစီအစဉ်အတိုင်း ဆက်လက်ကျင်းပခဲ့ကြကြောင်း သိရသည်။

 

သတင်းစဉ်