တာချီလိတ် ၃၀ မေ

မြန်မာ-ထိုင်းနှစ်နိုင်ငံပိုင် မယ်ဆိုင်ချောင်း ရေစီးရေလာကောင်းမွန်စေရေးအတွက် တာချီလိတ်မြို့ဘက်ခြမ်း ရေချောင်းအတွင်း ယန္တယားများဖြင့် တူးဖော်မှုလုပ်ငန်းများကို မေ ၃၀ ရက်နံနက်ပိုင်းက နှစ်နိုင်ငံ တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

 

3402

 

"မနေ့ညနေပိုင်းက စတင်ပြီး ယန္တယားများဖြင့် တူးဖော်မှုလုပ်ငန်းကို စတင်နေပါပြီ၊ ဒီနေ့ကတော့ နှစ်နိုင်ငံတာဝန်ရှိသူတွေ ဆောင်ရွက်နေမှုအပေါ် ကွင်းဆင်းကြည့် ရှု့တာပေါ့၊ မိုးရာသီကလည်း စတင်လာပြီဆိုတော့ ရေစီးရေလာ ကောင်းမွန်လာရင် နှစ်နိုင်ငံ တောင်သူတွေအနေနဲ့လည်း စိုက်ပျိုးရေးလုပ်ငန်းအတွက် အဆင်ပြေသွား ပါလိမ့်မယ်" ဟု တာဝန်ရှိသူ တစ်ဦးက ပြောသည်။

နှစ်နိုင်ငံပိုင် မယ်ဆိုင်ချောင်း၏ မြန်မာဘက်ခြမ်းတွင် တိမ်ကောနေမှုများရှိနေသဖြင့် တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ၊ မယ်ဆိုင်မြို့ပိုင်နှင့် တာဝန်ရှိသူများက မေ ၂၆ ရက်နေ့တွင် ရွှေနန်းတော်ကုန်တိုက် အစည်းအဝေး ခန်းမ၌ အလွတ်သဘောတွေ့ဆုံကာ ချောင်းရေ ညီတူညီမျှ ခွဲဝေသုံးစွဲနိုင်ရေး ဆွေးနွေးခဲ့ပြီး မယ်ဆိုင်ချောင်း တစ်လျှောက် ရေလမ်းကြောင်း ပြန်လည်ကောင်းမွန်ရေးအတွက် ယန္တယားများဖြင့် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက် တူးဖော်ရန် သဘောတူညီမှုရရှိခဲ့ခြင်း ဖြစ်သည်။

ရေချောင်းအတွင်း ယန္တယားများဖြင့် တူးဖော်မှုလုပ်ငန်နေရာများသို့ တာချီလိတ်ခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်၊ မြို့နယ်အုပ်ချုပ် ရေးမှူး ဦးချမ်းမြေ့စော ဦးဆောင်သော မြန်မာနိုင်ငံတာဝန်ရှိသူများ၊  ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့ပိုင် နိုင်းဆုမ်ဆခနာခမ်း ဦးဆောင်သော ထိုင်းနိုင်ငံ တာဝန်ရှိသူများက ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

မြင့်မိုရ်(တာချီလိတ်)