ဟားခါး ၃ ဇူလိုင်
ချင်းပြည်နယ် ဟားခါးမြို့၊ စျေးသစ်ရပ်ကွက်၊ တောင်ဇလပ်လမ်းတွင် နေထိုင်လျက်ရှိသော ဦးသန်ကီးသည် ၄င်း၏အိမ်တွင် နှစ်ပေါင်း(၃၀)ကြာ စုဆောင်းထားရှိသည့် ချင်းရိုးရာရှားပါး အသုံးအဆောင်ပစ္စည်းများနှင့် သမိုင်းမော်ကွန်းဝင် ဓာတ်ပုံများအား အများပြည်သူ ကြည့်ရှုလေ့လာနိုင်ရန် စုဆောင်းပြသထားရှိကြောင်း သိရှိရသည်။
ချင်းရိုးရာအိမ်ပြတိုက်တွင် နှစ်(၁၀၀)သက်တမ်းရှိသည့် ချင်းရိုးရာပစ္စည်းများ၊ သမိုင်းဝင်မှတ်တမ်း ဓာတ်ပုံများ၊ ခေတ်အဆက်ဆက် ရိုးရာအမွေအနှစ်များ၊ ရှားပါးတိရစ္ဆာန်များ၏ ဦးချိုများနှင့် ချင်းရိုးရာတူရိယာများ၊ ရိုးရာအသုံးအဆောင်ပစ္စည်းများကို မပျောက်ပျက်အောင်ထိန်းသိမ်း စောင့်ရှောက်လျက်ရှိပြီး နောင်လာ နောင်သားများ လေ့လာသိရှိနိုင်ရန် ရည်ရွယ်၍ ချင်းရိုးရာ အသုံးအဆောင်ပစ္စည်းအမျိုးပေါင်း(၁၀၀)ကျော်ကို ခင်းကျင်းပြသထားပြီး ဆက်လက်၍ ချင်းရိုးရာအမွေအနှစ်များကို စုဆောင်းထိန်းသိမ်းသွားမည်ဖြစ်ကြောင်း ချင်းရိုးရာအိမ်ပြတိုက်ပိုင်ရှင် ဦးသန်ကီးက ပြောကြားသည်။
ယခုအခါ COVID-19 ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကာလအတွင်း ရိုးရာယဉ်ကျေးမှုပြတိုက်အား ခေတ္တယာယီပိတ်ထားခဲ့ပြီး COVID-19 ရောဂါပြီးဆုံးချိန်တွင် ဒေသခံပြည်သူများ၊ ခရီးသွားဧည့်သည်များ လာရောက် လေ့လာနိုင်ကြောင်းနှင့် ၄င်း၏ရိုးရာယဉ်ကျေးမှုပြတိုက်နေအိမ်သည် အလျား ၅၅ ပေ၊ အနံ ၂၀ ပေ နှစ်ထပ်နေအိမ် အဆောက်အအုံဖြစ်ကာ ချင်းတိုင်းရင်းသားများ၏ ရိုးရာနေအိမ်အတိုင်း ဆောက်လုပ် ထားရှိကြောင်း သိရှိရသည်။
ခရိုင် ပြန်ဆက်


