မင်းဘူး ဧပြီ ၁၁
မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်အတွင်းရှိ သမိုင်းဝင်တန်ခိုးကြီး ပါဒစေတီတော်ဖြစ်သော မန်းရွှေစက်တော် ဘုရားကြီး၌ သင်္ကြန်နှစ်သစ်ကူးရုံးပိတ်ရက်များတွင် တည်းခိုဆောင်များ ပြည့်လျှံသည်အထိ ဘုရားဖူး ပြည်သူများဖြင့် စည်ကားလျက်ရှိကြောင်း ရွှေစက်တော် ဂေါပကထံမှ သိရသည်။
“ကျွန်တော်တို့ အရင်ရက်များက တစ်နေ့လျှင် ဘုရားဖူးပြည်သူ ၁၀၀၀ ခန့်လောက် လာရောက်ဖူးမြော်ကြသော်လည်း ယခုရက်တွေလောက် မလာကြဘူးဗျ၊ အခုရက်က သင်္ကြန်နှစ်သစ်ကူးရုံးပိတ်ရက်လည်းဖြစ် နှစ်ဆန်း ( ၁ ) ရက်နေ့မှာလည်း ခြေတော်ရာတွေက ပိတ်သိမ်းတော့မှာဆိုတော့ ပွဲတော်မပိတ်သိမ်းမီ လာရောက် ဖူးမြော်ကြတာထင်ပါတယ်။ ဆရာတို့ မြင်တဲ့အတိုင်း တည်းခိုဆောင်တွေ ပြည့်လျှံသည်အထိပါပဲ” ဟု ရွှေစက်တော်ဂေါပက ဒုဥက္ကဌ ဦးထွန်းဝေက ပြောသည်။
မန်းရွှေစက်တော် ဘုရားပွဲတော်ကို နှစ်စဉ် တပို့တွဲလဆန်း ၅ ရက်မှ နှစ်ဆန်း ၁ ရက်အထိ ၃ လတိုင် ကျင်းပခဲ့ပြီး ကြိတ်ကြိတ်တိုး စည်ကားလျက်ရှိကြောင်း၊ ယခုနှစ်တွင် တည်းကျောင်းများမှာ ညအိပ်တည်းခိုခွင့်မပြုဘဲ နံနက် ၆ နာရီမှ ညနေ ၆ နာရီအထိသာ တည်းခိုဖူးမြော်ခွင့် ပြုထားကြောင်း၊ လှေတင်တံတားထိပ်မှ ဆေးထိုးလက်မှတ်၊ မှတ်ပုံတင်၊ အိမ်ထောင်စုစာရင်းများ ပါမှသာဝင်ရောက် ဖူးမြော်ခွင့်ပြုထားပြီး သင်္ကြန်နှစ်သစ်ကူး ရုံးပိတ်ရက်တွင် ဘုရားဖူးများဖြင့် အစည်ကားဆုံးဖြစ်ကြောင်း ရွှေစက်တော် ဂေါပကထံမှ သိရသည်။
ဇေယျာထက်(မင်းဘူး)