နောင်ချို   ၁၄   စက်တင်ဘာ

 

ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ညွှန်ကြားချက်များနှင့်အညီ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်အဝင် (OHC)တိုးဂိတ်တွင် သြဂုတ်လ(၂၆)ရက်နေ့က ပြန်လည်ဖွင့်လှစ်ထားရှိခဲ့ရာ ယနေ့နံနက်ပိုင်းတွင် အဆိုပါဂိတ်အား ဆည်မြောင်းဦးစီးဌာနရုံးရှေ့သို့ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ပြီး ကျန်းမာရေးစစ်ဆေးခြင်းလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး စစ်ဆေးရေးဂိတ်တွင် မြို့နယ်အဆင့် ကိုဗစ်-၁၉ ကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့ဝင် များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မြို့နယ်ပုဂ္ဂလိက ယာဉ်လိုင်းကြီးကြပ်ရေး ကော်မတီဝင်များ ပူးပေါင်းကာ နောင်ချိုမြို့နယ်အတွင်းသို့ ကန့်သတ်နယ်မြေမှ ပြန်လာသူများပါရှိပါက Quarantine Centreသို့ ပို့ဆောင်ထားရှိခြင်း၊ မြို့နယ်အတွင်း ဖြတ်သန်းသွားလာနေသော ခရီးသွား ပြည်သူများအား ကိုဗစ်-၁၉ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊ အပြင်ထွက်တိုင်း နှာခေါင်းစည်းတပ်ဆင်စေခြင်း၊ ခရီးသွားသူအမည်နှင့် ခရီးသွားမှတ်တမ်းများကောက် ယူခြင်း စသည့်လုပ်ငန်းများကို ကျန်းမာရေးစစ်ဆေးရေးဂိတ်၌ အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်လျက်ရှိပါကြောင်း သိရသည်။

 

ထွေးငယ် - နောင်ချို(ပြန်/ဆက်)