နောင်ချို ၆ ဇူလိုင်
ကျောက်မဲခရိုင် နောင်ချိုမြို့နယ်အတွင်း ဖွင့်လှစ်ထားရှိသော ကျေးရွာကိုယ့်အားကိုယ်ကိုး စာကြည့်တိုက်အား ရှင်သန်ခိုင်မာစေရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူးနှင့် ဝန်ထမ်းများက ယမန်နေ့က ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူးနှင့် ဝန်ထမ်းများသည် နောင်ချိုမြို့နယ်၊ မျက်ချင်းနုကျေးရွာ "ပညာ့ရိပ်မွန်" ကိုယ့်အားကိုယ်ကိုး စာကြည့်တိုက်တွင် ယမန်နေ့ ၉ နာရီ၌ ကျေးရွာစာကြည့်တိုက် ကော်မတီဝင်များနှင့်တွေ့ဆုံကာ စာကြည့်တိုက်ရေရှည် ရှင်သန်ခိုင်မာရေး ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။
ဆွေးနွေးမှုတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးမှူး ဒေါ်သန်းသန်းထွေးက စာကြည့်တိုက် ရေရှည်တည်တံ့စေရေးအတွက် ဆောင်ရွက်ရမည့် ရှေ့လုပ်ငန်းစဉ်များအားလည်းကောင်း၊ ကျေးရွာစာကြည့်တိုက် ကော်မတီဥက္ကဋ္ဌ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးချိုတူးလွင်က "ပညာ့ရိပ်မွန်" စာကြည့်တိုက် အဆောက်အဦးသစ် ဆောက်လုပ်ခဲ့မှုအခြေအနေများကိုလည်းကောင်း၊ ကျေးရွာ စာကြည့်တိုက်ကော်မတီ နာယက ဦးအောင်ကျော်က စာမတတ်လျှင် တိုးတက်မှုနောက်ကျနိုင်ကြောင်း၊ ယခင်ကျေးရွာရုံးတွဲ စာကြည့်တိုက်မှ ကိုယ်ပိုင်အဆောက်အဦးဖြစ်လာစေရေး၊ ဘတ်စုံထောင့်စုံမှ တိုးတက်စေရေးအတွက် ကြိုးစားဆောင်ရွက်ခဲ့ကြသူများကို ကျေးဇူးတင်ရှိပါကြောင်း၊ ကျေးရွာစာကြည့်တိုက်မှရရှိသော ပညာဗဟုသုတများဖြင့် တိုးတက်ဖွံ့ဖြိုးသော ကျေးရွာတစ်ရွာ ဖြစ်လာနိုင်ရန် မျှော်လင့်ပါကြောင်းကိုလည်းကောင်း ဆွေးနွေးခဲ့ကြသည်။
၎င်းနောက် "ပညာ့ရိပ်မွန်" ကိုယ့်အားကိုယ်ကိုး စာကြည့်တိုက်အဆောက်အဦးသစ် ဖွင့်လှစ်နိုင်ရေးနှင့် စာကြည့်တိုက်လုပ်ငန်းများ အောင်မြင်စွာဆောင်ရွက်နိုင်ရေးအတွက် ကျေးရွာစာကြည့်တိုက် ကော်မတီကို ဖွဲ့စည်းခဲ့ကြပြီး တက်ရောက်ကြသော ကော်မတီဝင်များက စာကြည့်တိုက် ရေရှည်တည်တံ့ခိုင်မြဲအောင် ဝိုင်းဝန်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ကြသည်။
ထွေးငယ်၊ နောင်ချို၊ ပြန်/ဆက်


