နောင်ချို  ၁၆   နိုဝင်ဘာ

 

စက်မှုလယ်ယာဦးစီးဌာန အမှတ်(၉၆) စက်မှုလယ်ယာစခန်း(ခွဲ)၊ နောင်ချိုမြို့၏ မြေဆီလွှာပြုပြင် ထိန်းသိမ်းမှုကိရိယာ (Subsoiler)ဖြင့် တောင်သူပညာပေးသရုပ်ပြပွဲကို နိုဝင်ဘာလ(၁၅)ရက် နံနက်(၁၁) နာရီက စိုက်ပျိုးရေးဦးစီးဌာန၊ ဥယျာဉ်ခြံ၌ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

 

အဆိုပါသရုပ်ပြပွဲတွင် စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးအောင်ကျော်က စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနအောက်ရှိ ဌာနများ၏ပူးပေါင်းမှုအားဖြင့် တောင်သူများ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ကြောင်း၊ ယနေ့သရုပ်ပြသောကိရိယာကို အသုံးပြုဆောင်ရွက်ခြင်းကြောင့် တောင်သူများ အနေဖြင့် အချိန်ကုန်၊လူကုန်သက်သာ၍ ဝင်ငွေတိုးစေကြောင်းပြောကြားခဲ့ကာ ပညာပေး သရုပ်ပြခြင်းကို တာဝန်ရှိသူများက လက်တွေ့ပြသခဲ့ကြသည်။

 

မြေဆီလွှာပြုပြင်ထိန်းသိမ်းကိရိယာ (Subsoiler)ဖြင့် တောင်သူပညာပေးသရုပ်ပြပွဲသို့ မြို့နယ်အတွင်း ရှိတောင်သူများ လာရောက်လေ့လာခဲ့ကြပြီး ၎င်းကိရိယာကို အသုံးပြုခြင်းဖြင့် မြေအောက်(၁)ပေခွဲအထိ မြေလှန်ပြီးဖြစ်ကာ ပျက်စီးသွားသော မြေဆီလွှာကို ပြုပြင်ပေးသည့်အတွက် တောင်သူများအား များစွာ အကျိုးပြုနိုင်ကြောင်း သိရသည်။

 

ထွေးငယ်(နောင်ချို-ပြန်ဆက်)