နောင်တရား     ၁၂        ဩဂုတ်

 

နောင်တရားမြို့၌ တည်ထောင်ဖွင့်လှစ်ထားသော ရွှေဘုန်းပွင့်ပညာဒါနကျောင်းကို တက္ကသိုလ်ဝင်တန်း၌ ကျရှုံးခဲ့သည့် ကျောင်းသားကျောင်းသူများ ပညာဆက်လက်သင်ယူနိုင်စေရန်၊ လူ့စွမ်းအားအရင်းမြစ် များ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူငယ်များ တစ်ဖက်တစ်လမ်းမှ ပါဝင်နိုင်စေရေးအတွက် တည်ထောင်ဖွင့်လှစ်ထားသည့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နောင်တရားမြို့၊ ရွှေဘုန်းပွင့်ပညာဒါနကျောင်းမှ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲ၌ ဝင်ရောက်ဖြေဆိုသူ (၂၆၅)ဦးရှိပြီး   ဩဂုတ် ၉ ရက်က ထွက်ရှိသည့် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ဂုဏ်ထူးရ ဇီဝဗေဒဘာသာ ၄ ဦး၊ ဘောဂဗေဒဘာသာ ၁ ဦး၊ သင်္ချာဘာသာ ၁ ဦး၊ ရိုးရိုး အောင်မြင်သူ(၁၀၃)ဦး စုစုပေါင်း(၁၀၉)ဦး အောင်မြင်ပြီး အောင်ချက် ၄၁ ဒသမ ၁၃ ရာခိုင်နှုန်းရှိကြောင်း သိရသည်။

 

 “တက္ကသိုလ်ဝင်တန်း အောင်စာရင်းလည်း ထွက်ပြီဆိုတော့ ရွှေဘုန်းပွင့် ပညာဒါနကျောင်းမှာ ပညာ သင်ကြားနိုင်ဖို့ လာရောက်မေးမြန်းစုံစမ်းတဲ့ ကျောင်းသားမိဘနှင့် ကျောင်းသား ကျောင်းသူတွေ အများကြီးရှိနေပြီး ကိုဗစ်ကာလဖြစ်တဲ့အတွက် ကျောင်းဖွင့်ခဲ့ရင်လည်း ကျန်းမာရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်အတိုင်း ဖွင့်လှစ်မှာပါ။ ဖွင့် မဖွင့်ကတော့ ဆရာတော်ကြီး ဦးဂန္တမာရဲ့ ဩဝဒအတိုင်း ဖြစ်ဖို့ များပါတယ်” ဟု ရွှေဘုန်းပွင့်ပညာဒါနကျောင်းမှ ဦးရာဇိန္ဒက ပြောသည်။

 

“ရွှေဘုန်းပွင့်ပညာဒါနကျောင်းမှာ ကျောင်းတက်ခွင့်ရဖို့ လာရောက်စုံစမ်းတာပါ ခုထိတော့ကျောင်းဖွင့် မယ် မဖွင့်ဘူး မသိရသေးပါဘူး။ ကျောင်းပြန်ဖွင့်ခွင့်ရဖို့ မျှော်လင့်မိပါတယ်” ဟု ဒိင်ရွှေးကျေးရွာမှ ကျောင်းသား ခွန်မြတ်သိန်း က ပြောသည်။

 

ရွှေဘုန်းပွင့်ပညာဒါနကျောင်းကို ၂၀၁၄ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး တက္ကသိုလ်ဝင်တန်း ကျရှုံးသည့် ကျောင်းသား ကျောင်းသူများ ပညာဆက်လက်သင်ကြားနိုင်ရေးအတွက် နေ့ကျောင်း သီးသန့်ဖြင့် စတင်ဖွင့်လှစ်သင်ကြားခဲ့သည်။ ဆွေမျိုန္ဒာ စာသင်ဆောင်တွင် စာသင်ခန်း ၄ ခန်းနှင့် မြန်မာ့ဩဘာစာသင်ဆောင်တွင် စာသင်ခန်း ၃ ခန်းရှိသည်။ ကျောင်းပြန်ဖွင့်လှစ်ခွင့်ရပါက ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များအတိုင်း ဆောင်ရွက်သွားမည်ဖြစ်ပြီး ယနေ့အချိန်ထိ ကျောင်းပြန်ဖွင့်ရရန်မှာ မသေချာ‌သေးသော်လည်း ဖွင့်လှစ်ခွင့်ရရှိနိုင်ရေး တင်ပြတောင်းဆိုသွားမည်ဟု သိရသည်။ ၂၀၁၄ ခုနှစ်မှ ယနေ့အထိ (၇)နှစ်အတွင်း တက္ကသိုလ်ဝင်တန်းအောင်မြင်သူ (၆၇၂)ဦး ရှိပြီဖြစ်ကြောင်း သိရသည်။ အဆိုပါ ပညာဒါနကျောင်းသည် ဒေသခံကျောင်းသားမိဘများ၊ ကျောင်းသား ကျောင်းသူများ၏ အားကိုးရာဖြစ်ကြောင်း သိရသည်။

 

ခွန်အောင်(နောင်တရား)