နောင်တရား ၁၃ စက်တင်ဘာ

 

Covid-19 ရောဂါဖြစ်ပွားနေသည့် ကာလအတွင်း ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နောင်တရားမြို့ ယာယီဈေး၌ ယခင်ဈေးရက်များနည်းတူ ငါးရက်တစ်ကြိမ် ဖွင့်လှစ်ရောင်းချလျက်ရှိပြီး ယနေ့ဈေးနေ့တွင် ဈေးရောင်းဈေးဝယ်များက လက်ဆေးခြင်းနှင့် နှာခေါင်းစည်းများ တပ်ဆင်အသုံးပြု၍ ပူးပေါင်းပါဝင်လျက်ရှိကြောင်း သိရသည်။

 

“ဒီအပတ်ဈေးနေ့မှာ ဈေးသည်တွေ ခြောက်ပေအကွာနဲ့ ဈေးရောင်းကြတယ်။ နှာခေါင်းစည်းတွေလည်း ဈေးသည်တိုင်း အသုံးပြုရောင်းချနေတာတွေ့တော့ ဈေးဝယ်တွေလည်း ယုံကြည်မှုရှိလာတယ်” ဟု နောင်တရားမြို့ စည်ပင်သာယာရေးဌာနမှ တာဝန်ခံဦးကျော်ဝင်းက ပြောသည်။ “ဈေးသည်တွေ နှာခေါင်းစည်းတပ်ထားတော့ ဈေးလာဝယ်တဲ့ ကျွန်တော်တို့တွေလည်း စိတ်ကြည်လင်တယ်။ သံသယမရှိဘူးပေါ့။ ယခုလို စည်းကမ်းရှိရှိနဲ့ ပူးပေါင်းပေးတဲ့ ဈေးသည်တွေ၊ စီစဉ်ဆောင်ရွက်ပေးတဲ့ ဌာနဆိုင်ရာတွေကိုလည်း ကျေးဇူးတင်ပါတယ်” ဟု နောင်တရားမြို့ အမှတ်(၁)ရပ်ကွက်မှ ဈေးဝယ်တစ်ဦးက ပြောသည်။

 

နောင်တရားမြို့ မြို့မဈေးသစ်ကြီး၌ ယာယီဈေးအဖြစ်  ဖွင့်လှစ်ရောင်းချနေသည့်  ငါးရက်တစ်ဈေးတွင် လာရောက်ရောင်းချမည့် ဈေးသည်များအနေဖြင့် နှာခေါင်းစည်း၊ မျာနှာကာများဖြင့်သာ ရောင်းချစေခြင်းနှင့် ဈေးဝယ်များကိုလည်း နှာခေါင်းစည်းတပ်ဆင် အသုံးပြုမှသာ ဈေးအတွင်းသို့ ဝင်ခွင့်ပြုလျက်ရှိကြောင်း သိရသည်။ အဆိုပါ ယာယီဈေး အဝင်ပေါက်တွင် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျန်းမာရေဝန်ထမ်းများနှင့် လူမှုရေးအသင်းအဖွဲ့တို့က အပူချိန်တိုင်းခြင်း၊ လက်ဆေးစေခြင်းနှင့် နှာခေါင်းစည်းတပ်ဆင်ခြင်းမရှိသည့် ဈေးဝယ်များအား နှာခေါင်းစည်းတပ်ဆင် အသုံးပြုစေခြင်းဖြင့် ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ ကူးစက်ရောဂါ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ခွန်အောင်(နောင်တရား)