နေပြည်တော် ၉ မေ
ရန်ကုန်မြို့အခြေစိုက် နော်ဝေနိုင်ငံသံရုံးက ကြီးမှူးကျင်းပသည့် နော်ဝေနိုင်ငံ တည်ထောင်သည့်နေ့ အထိမ်းအမှတ်ဧည့်ခံပွဲ အခမ်းအနားကို ယနေ့ညနေ ၆ နာရီခွဲတွင် နေပြည်တော်ရှိ Hilton Hotel ၌ ကျင်းပသည်။
အခမ်းအနားသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းနှင့် ဇနီး၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်နှင့်ဇနီး၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားသံရုံးများမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။
ရှေးဦးစွာ ကမ္ဘာ့ပင်လယ်သမုဒ္ဒရာသန့်ရှင်းရေး၊ ပင်လယ်သမုဒ္ဒရာအတွင်း ပလတ်စတစ်အမှိုက်များ ကင်းစင်ရေးနှင့် ပင်လယ်သမုဒ္ဒရာများ ညစ်ညမ်းမှု ကင်းဝေးစေရေးအတွက် Clean Ocean အဖွဲ့အစည်း၏ ဆောင်ရွက်မှုမှတ်တမ်းဗီဒီယိုကို ပြသသည်။
ထို့နောက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သီချင်းနှင့် နော်ဝေနိုင်ငံ အမျိုးသား သီချင်းတို့ကို ဖွင့်လှစ်ပြီး အလေးပြုကြသည်။
ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ နော်ဝေနိုင်ငံသံအမတ်ကြီး H.E.Ms. Tone Tinnes နှင့် ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်တို့က နှုတ်ခွန်းဆက်စကား ပြောကြားကြသည်။
ယင်းနောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းနှင့်ဇနီး၊ ပြည်ထောင်စုဝန်ကြီးများနှင့် နော်ဝေနိုင်ငံသံအမတ်ကြီးတို့က တက်ရောက်လာကြသူများနှင့် အတူစုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြပြီး ညစာကို အတူတကွ သုံးဆောင်ကြသည်။
(သတင်းစဉ်)