ဘားအံ မတ် ၇
လယ်ယာကဏ္ဍ၏ဖွံ့ဖြိုးတိုးတက်မှု၊ သီးနှံအထွက်နှုန်းတိုးတက်မှုနှင့် စားရေရိက္ခာဖူလုံမှု ရှိ/မရှိ တွက်ချက်နိုင်ရန် ကရင်ပြည်နယ် မြေစာရင်းဦးစီးဌာနမှ နွေစပါးတစ်ဧက အထွက်နှုန်းမှန်ကန်စွာရရှိနိုင်ရေး နွေစပါးစံကွက် ရိတ်သိမ်းခြင်းကို မတ် ၅ ရက်က ဘားအံမြို့နယ် ရဲသာကျေးရွာအုပ်စုရှိ တောင်သူ ဦးမြင့်ဦး၏ ဆင်းသုခနွေစပါးစိုက်ခင်း၌ ကျင်းပသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ကရင်ပြည်နယ်၏ စိုက်ပျိုးရေးကဏ္ဍကို တစ်နှစ်ထက်တစ်နှစ် ပိုပို၍ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်လာစေရန် ဌာနဆိုင်ရာများ၊ လယ်ယာမြေစီမံ ခန့်ခွဲရေး အဖွဲ့ဝင်များနှင့် တောင်သူ များအားလုံး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန်ပြောကြားပြီး ပြည်နယ်မြေစာရင်း ဦးစီးဌာနမှူးက စံကွက် ရိတ်သိမ်းခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် တောင်သူလယ်သမား ဦးကြီးများသည် နွေစပါးအထွက်နှုန်းမှန်ကန်စွာရရှိနိုင်ရေး စိုက်ပျိုးပြီးစီးသည့် ဧကများအနက် ကိုယ်စားပြုအလွှာ(ကောင်း)ကို ကိုယ်စားပြုသော ဆင်းသုခနွေစပါးစိုက်ခင်းကို မြေစာရင်း ဦးစီးဌာနမှ ဝန်ထမ်းများ က (၆ ဒသမ ၆ ပေ x ၆ ဒသမ ၆ ပေ) ပတ်လည်ဧရိယာ ၀ ဒသမ ၀၀၁ ဧက စံကွက်သုံးကွက်အား စံကွက်ရိတ်သိမ်းခြင်း၊ အမှတ်(၂၀) ဘားအံစက်မှုလယ်ယာဦးစီးဌာနမှ ကူဘိုတာရိတ်သိမ်းခြွေလှေ့စက် ဖြင့် ရိတ်သိမ်း ခြွေလှေ့သရုပ်ပြသခြင်း၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက စူပါအီးအမ် ဘိုကာရှီမြေဆွေးပုံ ပြုလုပ်ခြင်း ကွင်းသရုပ် ပြပွဲနှင့် ရိတ်သိမ်းပြီး နွေစပါးများအား ဝန်ထမ်းများ က ချိန်တွယ်တိုင်းတာခြင်းတို့ကို ကြည့်ရှုအားပေးသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က စံကွက်ရိတ်သိမ်းသည့်အဖွဲ့နှင့် ယဉ်ကျေးမှုအဖွဲ့များအား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်သည်။
ယနေ့ စံကွက်ရိတ်သိမ်းရာတွင် တစ်ဧကအထွက်နှုန်း ၁၁၇ ဒသမ ၁၈ တင်းထွက်ရှိကြောင်း၊ ယခုနှစ်တွင် ကရင်ပြည်နယ် အတွင်းနွေစပါး ၁၁၃၈၈၄ ဧက စိုက်ပျိုးထားရှိပြီး တစ်ဧက အထွက်နှုန်း မှန်ကန်စွာရရှိနိုင်ရေးကောင်း၊ သင့်၊ ညံ့ ကိုယ်စားပြု အလွှာလိုက်ခွဲခြားပြုစု၍ ကွင်း အလိုက်၊ မျိုးကွဲအလိုက်၊ ရေ သောက်နည်းလမ်းအလိုက် စံကွက် ပေါင်း ၁၆၈၃ ကွက်ကို ရိတ်သိမ်းသွားမည်ဖြစ်ကြောင်း ပြည်နယ်မြေစာရင်းဦးစီးဌာနမှ သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)