အမရပူရ၊ ၂ ဒီဇင်ဘာ
တောင်သူများမှာ လက်ရှိကာလတွင် ဈေးကွက်ကို ခန့်မှန်းကာ စိုက်ပျိုးသီးနှံကို ရွေးချယ် စိုက်ပျိုးကြပြီး နွေဦးဈေးကွက်အတွက် ဈေးကွက်ကောင်းမွန်သည့် ပန်းမုန်လာစိမ်းများကို တွင်ကျယ်စွာ စိုက်ပျိုးလျက်ရှိသည်။
အမရပူရမြို့နယ်တွင် ပန်းမုံလာစိမ်းများ စိုက်ပျိုးရာ၌ မြေအစိုတွင် ထိုးစိုက်သည့်စနစ်ကို အသုံးပြုလာကြသည်။ စိုက်ပျိုးရန်အတွက် ပန်းမုံလာစိမ်း ပျိုးပင်ကို သီးသန့်ပျိုးထောင်ထားပြီး တစ်ဧက စိုက်ပျိုးရန် မျိုးစေ့ အထုပ် ၂၀ ခန့် ပျိုးထောင်ကြရသည်။
အများအားဖြင့် တစ်ဧကလျှင် အပင် ၈၀၀၀ မှ ၁၀၀၀၀ ကျော်အထိ အပင်အစိတ်အကျဲအလိုက် စိုက်ပျိုးကြသည်။ စတင်စိုက်ပျိုးသည်မှစကာ မြေဆီကျွေးခြင်း၊ ရေတင်ခြင်း၊ ဆေးဖျန်းခြင်းများကို စနစ်တကျပြုလုပ်ပေးကြရသည်။ စတင်စိုက်သည်မှ သုံးလခန့်ကြာလျှင် ခုတ်ယူရောင်းချနိုင်သည်။ သုံးလအတွင်း ရာသီဥတု အခြေအနေအလိုက် ရေတင်ခြင်းကို အနည်းဆုံး ငါးခါမှ ခြောက်ခါအထိ တင်ကြရသည်။
ပန်းမုန်လာစိမ်း စိုက်ခင်းတစ်ဧကလျှင် ငွေကျပ် ၁၅ သိန်းမှ သိန်း ၂၀ ကျော်အထိ ရရှိကြသည်။ လက်ရှိကာလတွင် ပန်းမုန်လာစိမ်းများကို တွင်ကျယ်စွာ စိုက်ပျိုးလျက်ရှိပြီး အောင်မြင်ဖြစ်ထွန်း လျက်ရှိကြောင်း သိရသည်။
တိမ်တမန်


