နေပြည်တော် ၂၄ ဇွန်
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့စာတိုက် လုပ်ငန်းသည် မြန်မာနိုင်ငံ တစ်ဝှမ်းရှိ စာတိုက်ရုံးပေါင်း(၁,၃၉၀)ရုံးတွင် သမားရိုးကျစာတိုက်ဝန်ဆောင်မှု လုပ်ငန်းများအပြင် IT နည်းပညာများသုံးစွဲ၍ ထပ်ဆောင်းဝန်ဆောင်မှုများဖြစ်သည့် ဘဏ်လုပ်ငန်း ကိုယ်စားလှယ်အဖြစ် CB Bank, AGD Bank, A Bank တို့၏ဝန်ဆောင်မှုများ၊ Mobile Money လုပ်ငန်း များဖြစ်သည့် OK$, MyKyats တို့၏ ဝန်ဆောင်မှုများ၊ ကိုယ်စားငွေကောက်ခံခြင်း လုပ်ငန်း ဖြစ်သည့် @Post ဝန်ဆောင်မှုများ၊ Online Shopping ဆောင်ရွက်သူများအတွက် ချောပစ္စည်း ပေးဝေခြင်းနှင့် ငွေကောက်ခံပေးခြင်းလုပ်ငန်းများ၊ မြန်မာ့အမျိုးသားလေကြောင်းလိုင်း၏ လေယာဉ် လက်မှတ်ရောင်းချပေးခြင်းလုပ်ငန်းများ ဝန်ဆောင်မှုပေးလျက်ရှိရာ နေပြည်တော် ဗဟိုစာတိုက်ကြီးသည်လည်း အပါအဝင်ဖြစ်သည်။
နေပြည်တော် ဗဟိုစာတိုက်ကြီးသည် ဇဗ္ဗူသီရိမြို့နယ်၊ ပျဉ်းမနား-တောင်ညိုလမ်း၊ မြို့မဈေးကြီးအနီးတွင် တည်ရှိပြီး ၂၀ဝ၇ ခုနှစ် ဇွန် ၂၇ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး စာတိုက်ဝန်ဆောင်မှုများကို ဆောင်ရွက်ပေးခဲ့သည်မှာ ၂၀၁၉ ခုနှစ် ဇွန် ရက်တွင် (၁၂)နှစ်ပြည့်မြောက်ပြီး ချည်ရတုတိုင်ခဲ့ပြီဖြစ်သည်။
နေပြည်တော် ဗဟိုစာတိုက်ကြီး၏ (၁၂)နှစ်ပြည့် ချည်ရတု အခမ်းအနားကို ဇွန် ၂၇ ရက် ကြာသပတေးနေ့၊ နံနက်၉နာရီတွင် နေပြည်တော်ဗဟိုစာတိုက်ကြီး၌ ကျင်းပမည်ဖြစ်ပြီး အထိမ်း အမှတ်အဖြစ် ပထမနေ့စာအိတ်များရောင်းချပေးခြင်း၊ အထိမ်းအမှတ်နေ့စွဲ တံဆိပ်တုံး ရိုက်နှိပ်ပေးခြင်း၊ ရှားပါးတံဆိပ်ခေါင်းများ ရောင်းချပေးခြင်းတို့အပြင် မြန်မာနိုင်ငံ တံဆိပ်ခေါင်း စုဆောင်းသူဝါသနာရှင်များနှင့် ပူးပေါင်း၍ တံဆိပ်ခေါင်းပြပွဲ ပြုလုပ်သွားမည်ဖြစ်ပါ၍ မည်သူ မဆို အခမဲ့လာရောက်ကြည့်ရှုနိုင်မည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ သိရသည်။
(သတင်းစဉ်)