နေပြည်တော် စက်တင်ဘာ ၁၅
ပြန်ကြားရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်းကျင်းပသည့် လူငယ်ဘက်စုံ ဖွံ့ဖြိုးရေး အခမ်းအနားကို နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ် အမှတ်(၁၈) အခြေခံပညာအထက်တန်းကျောင်း၌ စက်တင်ဘာ ၁၅ ရက် နံနက်ပိုင်းက ကျင်းပခဲ့သည်။
အခမ်းအနားသို့ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမိုးဇော်ထွန်း၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်စွာသွင်၊ နေပြည်တော်နှင့် ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကျောင်းအုပ်ဆရာမကြီး၊ ဆရာ ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းသား ကျောင်းသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လူငယ်အသိပညာပေးဟောပြောပွဲကို ကျင်းပရာ စာရေးဆရာမ သက်သက်နွယ် (ရန်ကုန်တက္ကသိုလ်)က လူငယ်နှင့်ယဉ်ကျေးမှု ခေါင်းစဉ်ဖြင့် ဟောပြောသည်။ ယင်းနောက် အမှတ်(၁၈) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူများက လူချွန်လူကောင်းသီချင်းဖြင့် သီဆိုကြသည်။
ထို့နောက် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်က “ကျန်းမာကြံ့ခိုင်ပြီး အကျင့်စာရိတ္တကောင်းမွန်းသော လူငယ်များ၊ ပတ်ဝန်းကျင်နှင့် နိုင်ငံတော်အတွက် အတွေးအခေါ်မှန်မှန်ကန်ကန်ဖြင့် ကောင်းကျိုးပြုနိုင်သူများ ဖြစ်အောင် ကြိုးစားကြစေလိုကြောင်း၊ နိုင်ငံတော်က လူငယ်များကို အနာဂတ်အင်အားအဖြစ် အားကိုးအားထားပြုချင်ကြောင်း၊ လက်ရှိအခြေအနေတွင် အတွေးအခေါ်အယူအဆမှားယွင်းပြီး မလုပ်သင့် မလုပ်ထိုက်သည်များကို လုပ်နေကြသည့် လူငယ်များလည်း ရှိနေကြောင်း၊ ထိုသို့မဖြစ်အောင် စိတ်ဓာတ်စည်းကမ်းကောင်းအောင် အမြဲ ကြိုးစားသွားကြရန်လိုကြောင်း၊ မိဘဆရာများနှင့် အကြီးအကဲများ သွန်သင်ဆုံးမမှုများဖြင့် ဘက်ပေါင်းစုံမှ ထူးချွန်ထက်မြက်သော နိုင်ငံ့အနာဂတ်အတွက် ကိုယ်ခံအားကောင်းသော လူငယ်များ၊ ခေါင်းဆောင်များ ဖြစ်အောင် ကြိုးစားကြစေလိုကြောင်း” စသည်ဖြင့် တိုက်တွန်းမှာကြားသည်။ ထို့နောက် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမိုးဇော်ထွန်းက ကျောင်းစာကြည့်တိုက်အတွက် စာအုပ်စာစောင်များကို ပေးအပ်လှူဒါန်းရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးငြိမ်းက လက်ခံရယူခဲ့သည်။
အဆိုပါအခမ်းအနားတွင် "လှပသာယာပြည်မြန်မာ" ရောင်စုံဓာတ်ပုံ ပြဘုတ်များ ခင်းကျင်းပြသခြင်း၊ ကျောင်းသား ကျောင်းသူလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးရေးနှင့်ပတ်သက်သည့် အသိပညာပေး စာအုပ်စာစောင်များ ခင်းကျင်းပြသခြင်း၊ မြားပစ်ပြိုင်ပွဲ၊ စက်ပန်းလှည့်ပြိုင်ပွဲ၊ အရုပ်ဆက်ပြိုင်ပွဲနှင့် ခွက်နင်းလမ်းလျှောက်ပြိုင်ပွဲများ ကျင်းပပေးခြင်း စသည့်ပျော်ရွှင်ဖွယ်ဂိမ်းများ ကစား၍ အနိုင်ရရှိသူများအား အမျိုးသားစာပေဆုရှင် ဆရာစိုးတင့်(ဧရာဝတီ)မိသားစုနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က လှူဒါန်းသော စာရေးကိရိယာနှင့် မုန့်များပေးအပ်ကာ ကျောင်းသား၊ ကျောင်းသူများ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ကြောင်း သိရသည်။
ရွှေပင်လယ်(IPRD)