နေပြည်တော် ဇွန် ၉
နေပြည်တော် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၂)ကို ဇွန် ၉ ရက် နံနက်ပိုင်းက နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ နေပြည်တော် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်နိုင်က “မြေယာများကို အကျိုးရှိရှိအသုံးချနိုင်ရန်နှင့် စိုက်ပျိုးမြေများပေါ်မှာ စိုက်ပျိုးရေးနှင့် မွေးမြူရေးစွမ်းအား တိုးတက်လာစေရန် စိုက်ပျိုးရေဖူလုံစွာရရှိရေး၊ လယ်ယာသုံး စက်ကရိယာများနှင့် သွင်းအားစု ပစ္စည်းများအား အသုံးပြုနိုင်ရေး ဘက်စုံကဏ္ဍစုံမှ အလေးထားဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတော်က ချမှတ်ထားသည့် မြေယာမူဝါဒများအပေါ် အကောင်အထည် ဖော်ဆောင်ရွက်ရန်နှင့် နိုင်ငံ၏ စားနပ်ရိက္ခာ ဖူလုံဖို့အတွက် စိုက်ပျိုးမြေများ မလျော့ပါးစေရေး ဆောင်ရွက်ရသလို စားနပ်ရိက္ခာနှင့် အဟာရပြည့်ဝပြီး လူနေမှု အဆင့်အတန်း မြင့်မားရေးလုပ်ငန်းများတွင် လယ်ယာမြေကို ထိရောက်စွာ အသုံးပြုနိုင်ရန် လိုအပ်ကြောင်း၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်တွင် လယ်ယာမြေကို စိုက်ပျိုးမှုမှအပ အခြားနည်းအသုံးပြုရန်အတွက် လယ်ယာမြေဥပဒေနှင့်အညီ လျှောက်ထားလာသည့် ကိစ္စရပ်များနှင့် စပ်လျဉ်းပြီး လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်ဆောင်ရွက်စေလိုကြောင်း၊ စိုက်ပျိုးနိုင်သည့် ဧရိယာများ အပါအဝင် အဆင့်မြင့်လယ်ယာမြေ ဖော်ထုတ်ထားသည့်ဧရိယာများ မလျော့ပါးစေရေးတို့ကို အလေးထား စိစစ်ဆောင်ရွက်ရန်လိုကြောင်း၊ လယ်ယာမြေ လုပ်ပိုင်ခွင့်ပြု လက်မှတ် (ပုံစံ-၇) ရရှိရန် လျှောက်ထားလာပါက လယ်ယာမြေဥပဒေနှင့်အညီ တောင်သူများအား ခွင့်ပြုထုတ်ပေးလျက်ရှိပြီး အကြောင်းအမျိုးမျိုးကြောင့် ပျက်စီးပျောက်ဆုံးပါကလည်း ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့၏ ညွှန်ကြားချက်များနှင့်အညီ စိစစ်၍ ပြန်လည် ထုတ်ပေးသွားမည်ဖြစ်ကြောင်း” ပြောကြားသည်။
ယင်းနောက် နေပြည်တော် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အတွင်းရေးမှူး နေပြည်တော် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဇော်မိုးအောင်က လယ်ယာမြေများပေါ်တွင် ပြောင်းလဲ အသုံးပြုမည့် အကြောင်းအရာများနှင့်ပတ်သက်သည့် လျှောက်ထားလွှာများနှင့် ဆုံးဖြတ်ရန် အချက်များကို ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသည့် နေပြည်တော် လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ဝင်များက သက်ဆိုင်ရာ ကဏ္ဍများအလိုက် ရှင်းလင်းဆွေးနွေးကြရာ နေပြည်တော် ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းနောင်က ဖြည့်စွက် ဆွေးနွေးသည်။ ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်က တင်ပြချက်များနှင့်ပတ်သက်၍ လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
အောင်ကိုကို(ပြန်/ဆက်)