နေပြည်တော် အောက်တိုဘာလ ၂၇

 

တောင်သူများ ကိုယ်တိုင်ပူးပေါင်းပါဝင်သော စပါးမျိုးရွေးချယ်သည့် ကွင်းသရုပ်ပြပွဲကို ယနေ့နံနက်ပိုင်းက နေပြည်တော် ပုဗ္ဗသီရိမြို့နယ်၊ ဘဲကုန်းကျေးရွာ ကွင်းအမှတ် ၁၆၂၃(က) ၌ ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်၊ စိုက်ပျိုးရေးဦးဌာန ညွှန်ကြားရေးမှူချုပ် ဒေါက်တာရဲတင့်ထွန်း၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသနေ တောင်သူ ၄၈ ဦးနှင့် မျိုးစေ့ထုတ်လုပ်ငန်းရှင်များ တက်ရောက်ကြသည်။

 

သရုပ်ပြပွဲ၌ တောင်သူများနှင့်တွေ့ဆုံစဉ် ဒုတိယဝန်ကြီး က အလားအလာကောင်း *စပါးမျိုးလိုင်းများကို စိုက်ပျိုးရေး သုတေသနဦးစီးဌာနက သုတေသနပြုထုတ်လုပ်ပေး လျက်ရှိကြောင်း၊ တောင်သူများနှင့် ပုဂ္ဂလိက မျိုးစေ့ထုတ် လုပ်ငန်း ရှင်များပူးပေါင်းပါဝင်၍ မျက်မြင်မျိုးရွေးချယ်ခြင်းဖြင့် ထုတ်ဝေပြီးသောအထွက်ကောင်း၊ အရည်အသွေး ကောင်း စပါးမျိုးသစ်များကို ပိုမိုသိရှိပြီး ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုစိုက်ပျိုးလာကြရန် ရည်ရွယ်၍ ယနေ့ စပါးမျိုးရွေးချယ် သည့် ကွင်းသရုပ်ပြပွဲကို ကျင်းပရခြင်းဖြစ်ကြောင်း၊ လက်ရှိအခြေအနေတွင် စပါးမျိုးသက်တမ်း၊ စပါးမျိုး၏ စားသုံးမှု အရည်အသွေး၊ ဒေသစပါးမျိုးများအား ရာသီမရွေးစိုက်ပျိုးနိူင်အောင် ဖန်တီးထားသည့် အခြေအနေများတို့အပေါ် မူတည်ပြီး စမ်းသပ်အုပ်စု (၄)အုပ်စု ခွဲ၍ စိုက်ပျိုးထားသော အလားအလာကောင်း စပါးမျိုးလိုင်းသစ်နှင့် ထုတ်ဝေပြီးစပါး မျိုးသစ် (၃၉)မျိုးအနက် ၂၃ မျိုးသည် ပြင်းထန်သော ရာသီဥတုဒဏ်နှင့် အပင်ယိုင်လဲမှုဒဏ်ကို ခံနိုင်ရည်ရှိသော မျိုးများဖြစ်ကြောင်း၊ မျိုးကောင်းမျိုးသန့် ထုတ်လုပ်ရေးသည် သီးနှံများအထွက်တိုးရေးနှင့် အရည်အသွေး ကောင်းမွန် ရေးအတွက် များစွာအရေး ကြီးသော လုပ်ငန်း တစ်ရပ် ဖြစ်ခြင်းကြောင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်မှ စတင်ပြီး စပါးစိုက်ပျိုးသည့် တိုင်းဒေသကြီးပြည်နယ်များတွင် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောကြား သည်။

 

ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း က တောင်သူများ ပူးပေါင်းပါဝင်သော မျိုးရွေးချယ်ခြင်း အခမ်းအနား အစီအစဉ် ဆောင်ရွက် ရခြင်း ၏ ရည်ရွယ်ချက်နှင့် မျိုးစေ့ကဏ္ဍဖွံ့ဖြိုးရေးအတွက် သက်ဆိုင်သူအားလုံး၏ ပူးပေါင်း ပါဝင် ဆောင်ရွက်ရန် လိုအပ်ချက်များကို ရှင်းလင်းတင်ပြသည်။

 

ထို့နောက် ဒုတိယဝန်ကြီးနှင့် စပါးမျိုးရွေးချယ်သည့် ကွင်းသရုပ်ပြပွဲ တက်ရောက်လာကြသော တောင်သူများသည် မိမိတို့ကြိုက်နှစ်သက်သော အရည်အသွေး ကောင်းမွန် သည့် စပါးမျိုးများကို လွတ်လပ်စွာ ရွေးချယ်ခဲ့ကြသည်။

 

ယခုအခါတွင် တောင်သူများ ကြိုက်နှစ်သက်သည့် စပါးမျိုးများ၏ အရည်အချင်း လက္ခဏာများမှာ သက်လျင်ခြင်း၊ သီးညှာခိုင်ခြင်း၊ ယိုင်လဲမှုမရှိခြင်း၊ အထွက်ကောင်းခြင်း၊ စားသုံးမှုကောင်းခြင်း၊ ဆန်ရည်ဆန်သားကောင်းမွန်ခြင်း၊ ဆန်ထွက်ရာခိုင်နှုန်းကောင်းမွန်ခြင်း၊ ထည့်သွင်းကျွေးမွေးသည့် အပင်အာဟာရများကို တွင်ကျယ်စွာ စားသုံးတုန့်ပြန် ထွက်ရှိနိုင်ခြင်း၊ ပိုးမွှားရောဂါဒဏ်ကို ခံနိုင်ရည်ရှိခြင်းဖြစ်ကြောင်း သိရှိရသည်။

 

ယင်းနောက် ဒုတိယဝန်ကြီးသည် တဲကြီးကုန်းကျေးရွာတွင် စက်မှုလယ်ယာဦးစီးဌာနမှ သုတေသနပြု ထုတ်လုပ် ထားရှိသော လေပေးစနစ်ဖြင့် သဘာဝမြေဆွေးထုတ်လုပ်မှုကို တောင်သူများနှင့်အတူ ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

(သတင်းစဉ်)