နေပြည်တော် ဒီဇင်ဘာ ၂၉
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း MSME ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အခွန်ဘဏ္ဍာငွေ ပြည့်ဝစွာရရှိရေးအတွက် အခွန်စည်းကြပ်မှုလုပ်ငန်းများကို ကြီးကြပ်ဆောင်ရွက်နိုင်ရေးနှင့်စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းတည့် ၁၂ နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ(၁)၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း၊ ဌာနဆိုင်ရာများ၊ ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ တက်ရောက်ကြသည်။
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက နိုင်ငံတော်အနေဖြင့် ရသင့်ရထိုက်သည့် အခွန်ရငွေများ ပြည့်ပြည့်ဝဝ ကောက်ခံရရှိမှသာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ပိုမိုထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း၊ အခွန်ကောက်ခံနေသည့် ဝန်ထမ်းများအနေဖြင့် ပြဌာန်းထားသော အခွန်ဥပဒေများနှင့်အညီ ရသင့် ရထိုက်သော အခွန်ငွေများ ပြည့်ပြည့်ဝဝ ကောက်ခံရရှိရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြား သည်။
ထို့နောက် တက်ရောက်လာကြသည့် ဌာနဆိုင်ရာတာဝန်ရှိသူများက ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း MSME ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အခွန်ဘဏ္ဍာငွေပြည့်ဝစွာ ရရှိရေးအတွက် အခွန်စည်းကြပ်မှု လုပ်ငန်းများကို ကြီးကြပ်ဆောင်ရွက်နိုင်ရေးနှင့် စပ်လျဉ်း၍ လက်ရှိဆောင်ရွက်နေမှုများနှင့် ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို သက်ဆိုင်ရာကဏ္ဍများအလိုက် ရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌက တင်ပြချက်များနှင့်စပ်လျဉ်း၍ ဖြည့်စွက်ဆွေးနွေးပြီး လုပ်ငန်းများအောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
အလားတူ နေပြည်တော်ကောင်စီ ရင်းနှီးမြှုပ်နှံမှုကော်မတီ(၄/၂၀၂၃) အစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီ ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌက နေပြည်တော်အတွင်း ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာစေရေး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းသစ်များ ပိုမိုခွင့်ပြုနိုင်ခြင်းနှင့် လက်ရှိ ရင်းနှီးမြှုပ်နှံမှုများ တိုးချဲ့ဆောင်ရွက်ခြင်းဖြင့် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုဖန်တီးပေးနိုင်ခြင်း၊ ဝင်ငွေ တိုးတက်ရရှိခြင်း၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ပိုမိုအားကောင်းလာစေခြင်းစသည့် အကျိုးကျေးဇူးများရရှိ စေနိုင်မည် ဖြစ်ကြောင်း၊ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးလုပ်ငန်းများ အဆင်ပြေချောမွေ့စေရေးအတွက် ကော်မတီအဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနများနှင့် တာဝန်ရှိသူများက အချိတ်အဆက်မိမိ ပူးပေါင်းဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် နေပြည်တော်ကောင်စီရင်းနှီးမြှုပ်နှံမှုကော်မတီ အတွင်းရေးမှူး ဒေါ်ယဉ်ယဉ်နွယ် က သက်ဆိုင်ရာ ကုမ္ပဏီ၏ အတည်ပြုလျှောက်ထားလွှာတွင် တင်ပြခဲ့သော ပြည်ပမှဝယ်ယူမည့် စက်ပစ္စည်းများအနက် စက်ပစ္စည်း အချို့ကို ပြည်တွင်းမှသာ ဝယ်ယူအသုံးပြုခဲ့သည့်အတွက် ရင်းနှီးမြှုပ်နှံမှုထည့်ဝင်မှု ပြောင်းလဲပြင်ဆင်၍ အတည်ပြုမိန့် တွင် မတည်ငွေရင်းပမာဏ ပြင်ဆင်ခွင့်ပြုပါရန် တင်ပြလာခြင်းနှင့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးနှင့် လုပ်ငန်းများအဆင်ပြေ ချောမွေ့စေရေးဆိုင်ရာများကို ဆွေးနွေးပြီး ကော်မတီအဖွဲ့ဝင် များက သက်ဆိုင်ရာကဏ္ဍများအလိုက် ဆွေးနွေးတင်ပြကြရာ နေပြည်တော်ကောင်စီရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌက ပြန်လည်ဖြည့်စွက်ဆွေးနွေးပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)